ပို့လဘား၊ နိုဝင်ဘာ ၁၀ ရက်၊ ကျောက်မဲ
စစ်ကောင်စီ ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့ထဲ အမျိုးသမီးတစ်ဦး သတ်ခံရပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုလည်း ယူဆောင်သွားခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကျောက်မဲမြို့ ရပ်ကွက် ၇ က ၂ မိုင်ကုန်းမှာ နေထိုင်တဲ့ အသက် ၅၃ နှစ်အရွယ် ဒေါ်နန်းမြအောင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် မနက်ပိုင်းမှာ လည်ပင်း ဓားဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ဓားပြတိုက် လူသတ်လို့ပဲ ပြောရမယ်ထင်တယ်။ ရွှေ၊ ငွေ တန်ဖိုးရှိပစ္စည်းတွေ ရှာဖွေယူသွားတာလေ။ လည်ပင်း ညစ်ရာနဲ့ ဓားထိုးဒဏ်ရာတွေ ရှိတယ်။ ၈ ရက်က သူ့အလောင်း တွေ့တာ။ ညကတည်းက သတ်ဖြတ်လုပ်ကြံခံရတာနဲ့ တူပါတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
သတ်ခံရတဲ့ ဒေါ်နန်းမြအောင်ရဲ့ အလောင်းကိုတော့ ကျောက်မဲမြို့မှာရှိတဲ့ နမ့်ခုံးရှမ်းများ ပရဟိတအသင်းက သွားရောက် သယ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့ကို စစ်တပ်က ပြန်လည် ဝင်ရောက်ပြီးနောက် လူသတ်မှုဖြစ်စဉ်ဟာ ပထမဆုံးအကြိမ် ဖြစ်ပွားတာ ဖြစ်ပါတယ်။
ကျောက်မဲမြို့ကို စစ်တပ်က ပြီးခဲ့တဲ့ အောက်တိုဘာလထဲ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။