ယာရူစိင်၊ အောက်တိုဘာ ၁၄ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ သေနတ်ကိုင်ဆောင်ထားတဲ့ လူတစ်စုက ကားတစ်စီးကို ဓားပြတိုက်လုယက်ခဲ့ရတယ်လို့ လားရှိုးမြို့ခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းအချိန်မှာ လားရှိုးမြို့ ရပ်ကွက် ၇ လုံလော့စျေးအနီးမှာ wish ကားတစ်စီး လုယက်ခံခဲ့ရတာ ဖြစ်ပါတယ်။
“ပိုင်ရှင်က နောက်ကားတစ်စီးနဲ့ လိုက်ပေမဲ့ မမိဘူး။ သူတို့က ကားတွေအများကြီးနဲ့ လာတာလေ။ ဓားပြတွေက သေနတ်လည်းပါတယ်။ အခုချိန်ထိတော့ ဓားပြတွေကို ဖမ်းမိတဲ့အကြောင်းတော့ မကြားရသေးဘူး။ အများဆုံးဖြစ်နိုင်တာက ဖမ်းမိမှာမဟုတ်ဘူးလေ။ သက်ဆိုင်ရာဌာနတွေက အလုပ်မှမလုပ်တာ။ အဲဘက်ရပ်ကွက်ကျ လူအသွားအလာများတဲ့နေရာပါ။ လားရှိုးမှာက ကားပျောက်တာ ကားအလုခံရတာက ခဏခဏပဲ အရမ်းများတယ်”
လားရှိုးမြို့မှာ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနဲ့ လုယက်မှုတွေ မကြာခဏ ဖြစ်ပွါးနေတာကို ဒေသခံတွေဟာ သက်ဆိုင်ရာဌာနထံ တိုင်ကြားထားပေမဲ့ သက်ဆိုင်ရာဘက်က ဘယ်အမှုကိုမှ မဖော်ထုတ်နိုင်တာကြောင့် ဒေသခံတွေ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။
လားရှိုးမြို့ကို စစ်တပ်က ဝင်ရောက်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကနေ ဒီနေ့ အောက်တိုဘာ ၁၄ ရက်အထိ ဓားပြတိုက်မှု၊ ဓားခုတ်မှုနဲ့ လုယက်မှု ၄၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
စစ်တပ် ထိန်းချုပ်ထားတဲ့ မူဆယ်၊ လားရှိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ တန့်ယန်းမြို့အပြင် အခြားမြို့တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနဲ့ လောင်းကစားဝိုင်း အရင်ကထက် များလာပြီး ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ လူသတ်မှုလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။