ယာရူစိင်၊ စက်တင်ဘာ ၄ ရက်၊ လောက်ကိုင်
“ဝ”တပ် UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့ကနေ ကိုးကန့်တပ် ထိန်းချုပ်တဲ့ လောက်ကိုင်မြို့ဘက်ကို ခရီးသည် သွားပို့ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် မောင်အိုက်ရီဟာ ပျောက်ဆုံးနေတာ မဟုတ်ပဲ အသတ်ခံခဲ့ရတာလို့ သူ့ရဲ့ မိသားစုဝင်တွေက ရွှေဖီမြေကို ပြောပါတယ်။
မောင်အိုက်ရီဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်မှာ ပန်ဆန်းမြို့ကနေ လောက်ကိုင်ဘက် ခရီးသည် သွားပို့ခဲ့ရာကနေ သတင်းအစအနမရပဲ ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး ဧပြီလ ၂၅ ရက်မှာတော့ သတ်ဖြတ်ခံရတဲ့ အလောင်းသာ ပြန်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
မောင်အိုက်ရီရဲ့ အလောင်းကိုတော့ ချင်းရွှေဟော်နဲ့ လောက်ကိုင်ကြားက လမ်းအကွေ့တစ်ခုမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
၎င်းနဲ့ နီးစပ်သူတစ်ဦးက “သူ့ကို အော်ဒါငှါးတဲ့ ခရီးသည် ၂ ယောက်က ဓားပြတိုက်ပြီး သတ်ခဲ့တာပါ။ အဲ ၂ ယောက်ကို ရဲတွေက ဘယ်သူက ဘယ်ကလဲဆိုတာ သိတယ်တဲ့။ ဒါပေမဲ့ အခုထိ ဖမ်းမိတာ မကြားရသေးဘူး။ အစက သတင်းမတင်ဖို့ ကျွန်မတို့ကို သူတို့က မှာထားတာ။ တရားခံကို ဖမ်းမိရင် အကြောင်းပြန်လာမှာတဲ့။ အခုချိန်ထိ အကြောင်းမပြန်တော့ ကျွန်မတို့မှာ မျှော်လင့်ချက် မရှိတော့ဘူးလေ” လို့ ပြောပါတယ်။
မောင်အိုက်ရီဟာ လားရှိုးမှာ နေထိုင်သူဖြစ်ပြီး ၎င်းသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက ကိုးကန့်တပ်ဖွဲ့ထံ အမှုဖွင့် တိုင်ကြားထားတာကြောင့် ကိုးကန့်တပ်ဖွဲ့က ဆက်လက်စုံစမ်းနေဆဲလို့ ဆိုပါတယ်။
ဒီလပိုင်းတွေထဲမှာ သတင်းအစအနမရပဲ ပျောက်ဆုံးသွားသူတွေ ခပ်စိတ်စိတ်တွေ့လာရပြီး ကွမ်းလုံမြို့ကနေ လားရှိုးဖက်ကို ဆင်းသွားတဲ့ ကားသမားတစ်ဦးဖြစ်တဲ့ အသက် (၂၄) နှစ်အရွယ် ခေးလျန်းဆိုသူလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်တုန်းကနေ ဒီနေ့အထိ သတင်းအစအနမရပဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ရွှေဖီမြေကို ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။