မိုင်းရူပ၊ စက်တင်ဘာ ၆ ရက်၊ ကျောက်မဲ
တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် နားအိုက်ခန့်အုပ်စု မက်မန်းကုန်းသာကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် လင်မယား ၂ ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က မက်မန်းကုန်းသာရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၄၀ ကျော်အရွယ် လင်မယားဖြစ်တဲ့ ဦးဝါယမနဲ့ ဒေါ်လှခင် ဆိုသူ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
“အစက သူတို့ ရှောင်တယ်။ စားစရာ လာယူကြတာ။ နည်းနည်း ငြိမ်တယ် ဆိုပြီးတော့မှ ညအိမ်မှာဘဲ အိပ်လိုက်တာ။ အဲအချိန်မှာ လက်နက်ကျပြီး လင်မယား ၂ ယောက်လုံး ဆုံးသွားတယ်။ သူတို့ သမီးနဲ့ သားမတ်ကတော့ လွတ်သွားတယ်” လို့ မက်မန်းကုန်းသာရွာခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မက်မန်းကုန်းသာရွာဟာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲ ဖြစ်ပွားနေတဲ့ နောင်ပိန်ကျေးရွာ အနီးမှာ တည်ရှိပြီး လက်ရှိမှာ မက်မန်းကုန်းသာရွာခံ အားလုံး တောတွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
နောင်ပိန်ကျေးရွာနဲ့ ပင်တိန်ကျေးရွာထဲမှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အပါအဝင် အဆိပ်ငွေ့ဗုံးတွေ အသုံးပြု တိုက်ခိုက်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။
နောင်ပိန်ကျေးရွာမှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲ ပြင်းထန်နေတာ ၃ ပတ် ကြာရှိလာပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွှတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။