ပို့လဘား၊ စက်တင်ဘာ ၂၆ ရက်၊ နောင်ချို
ရှမ်းမြောက် နောင်ချိုမြို့နယ် နားရှိုးကျေးရွာမှာ ကလေးတစ်ဦး ခြံရှင်းရာကနေ မိုင်းခုတ်မိပြီး ဒဏ်ရာရရှိခဲ့တယ်လို့ မိသားစုဝင်နဲ့နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အသက် ၁၅ နှစ်အရွယ်ရှိတဲ့ မောင်ငြိမ်းချမ်းသူဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက် မနက် ၁၁ နာရီခွဲမှာ ခြံရှင်းရာကနေ မိုင်းခုတ်မိလို့ မျက်စိနဲ့ လက်နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
“စစ်ရှောင်တာကြာတော့ အိမ်လည်း ပြန်မလာတာ ကြာလို့ ခြံစည်းရိုးတွေရှုပ်နေတော့ သန့်ရှင်းရေးတွေ လာလုပ်နေကြတာ။ အဲမှာပဲ ခြံတွေရှင်းနေရင်း မိုင်းခုတ်မိလို့ သူ့မျက်လုံးနဲ့ လက်နှစ်ဖက် ထိသွားတယ်။ မိုင်းလည်း အလုံးမကြီးဟုတ်ဘူး။ ကြည့်ရတာ လက်လုပ်မိုင်းထင်တယ် ” လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီမိုင်းထိမိတဲ့ မောင်ငြိမ်းချမ်းသူဟာ ပြင်ဦးလွင်ပြည်သူ့ဆေးရုံမှာ ဆေးကုသခံယူနေရပြီး ဆေးကုသဖို့အတွက် အကူအညီလိုအပ်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်ကလည်း နားရှိုးကျေးရွာက အသက် ၄၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီးတစ်ဦးလည်း မိုင်းနင်းမိပြီး ခြေတဖက်ပြတ်ခဲ့တယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇူလိုင်လအထိ ၇ လအတွင်း မြေမြှုပ်မိုင်းတွေကြောင့် ကလေး ၂ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး နောက်ထပ်ကလေး ၅ ဦးအပါအဝင် ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။