ဝတ်ရည်၊ ဇွန်လ ၂၉ ရက်၊ စစ်ကိုင်း
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၄ ဦးအပါအဝင် ဒေသခံ ၈ ဦး သေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
မနေ့ ဇွန်လ ၂၈ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်ကိုင်းမြို့နယ် တလိုင်းရွာကို ဂျက်ဖိုက်တာနဲ့ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက “ဂျက်ဖိုက်တာ ၁ စီးနဲ့ လာချတာ။ တိုက်ပွဲ ဖြစ်ပွားတာလည်း မရှိပါဘူး။ ဒဏ်ရာရတာ ၂၀ နီးပါးလောက်ရှိမယ်။ ဒဏ်ရာပြင်းထန်တဲ့သူတွေလည်း ရှိတာပေါ့။ သေဆုံးသူက ထပ်တိုးလာနိုင်ပါတယ်” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှု အသက် ၅ နှစ်နဲ့ ၈ နှစ်အရွယ်ဝန်းကျင်အရွယ် အမည်မသိ ကလေးငယ်၊ ၆ နှစ်အရွယ် မဂျူးဂျုး၊ ၁၄ နှစ် မောင်ဟန်လင်းထက်၊ ၂၀ နှစ်အရွယ် မောင်နိုးနိုး၊ ၅၀ နှစ် ဒေါ်သင်း၊ ၅၂ နှစ်အရွယ် ဒေါ်ဝင်း၊ ၄၀ အရွယ် မသန်းသန်းစိုးတို့ သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက် ညနေ ၅ နာရီဝန်းကျင်မှာလည်း မတ္တရာမြို့နယ် အနောက်ခြမ်းက မိုးကြို၊ ရေလယ်ကျွန်းနဲ့ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း စဉ့်ကိုင်ရွာမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ရေလယ်ကျွန်းက လင်မယား ၂ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။
လက်ရှိမှာ စစ်ကိုင်း၊ မတ္တရာ၊ ဝက်လက်နဲ့ စဉ့်ကူးမြို့နယ်အစပ်ရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက် လုပ်နေတာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။