ရွှေဖီမြေ၊ ဩဂုတ် ၂၈ ရက်၊ မိုင်းလား
မိုင်းလားတပ် NDAA ထိန်းချုပ်တဲ့ ရှမ်းရှေ့ မိုင်းလားမြို့ရှိ တာလော့နယ်စပ်ဂိတ်ကနေ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၁ ဦးကို စစ်ကောင်စီတပ်က တရုတ်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ NDAA က ဒီနေ့ ဩဂုတ် ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မနေ့ ဩဂုတ်လ ၂၇ ရက်မှာ စစ်ကောင်စီရဲ့ ကျိုင်းတုံမြို့ လူဝင်မှုကြီးကြပ်ရေးဌာန(လ.၀.က)က ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၁ ဦးကို မိုင်းလား-တာလော့ နယ်စပ်ဂိတ်ကနေတစ်ဆင့် တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
NDAA ကလည်း လွှဲပြောင်းမှု အဆင်ပြေစေဖို့အတွက် ပါဝင်ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ပူးပေါင်းဆောင်ရွက်တာဟာ NDAA အထူးဒေသ (၄) ရှိ စစ်ကောင်စီနဲ့ တရုတ်နိုင်ငံတို့ နယ်စပ်ရေးရာကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်တဲ့စနစ်ကို ရောင်ပြန်ဟပ်စေတဲ့အပြင် နှစ်ဦးနှစ်ဖက် တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဆိုင်ရာ ကဏ္ဍတွေကို အပြန်အလှန် ယုံကြည်မှု ပိုမို ခိုင်မာစေတယ်လို့လည်း ဆိုထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။