ပို့လဘား၊ မေလ ၁၃ ရက်၊ နောင်ချို
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ဒီနေ့ မေလ ၁၃ ရက် ည ၉ နာရီခွဲအကျော်မှာ နောင်ချိုမြို့ ဈေးရပ်ကွက် နယ်မြေ ၁၀ မှာ စစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
“ပေါင် ၅၀၀နဲ့လာချတာ။ လူထိတာတော့မရှိဘူး။ နေအိမ် ၇ အိမ်တော့ထိခိုက်ပျက်စီးသွားတယ်”
မနေ့ မေလ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်ဟာ မိုင်းငေါ့နဲ့ မန်တုံမြို့ကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီနဲ့ TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံပြီး ဆွေးနွေးမှု ပျက်ပြီးနောက် စစ်ကောင်စီတပ်ဟာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ မန်တုံ၊ မိုင်းငေါ့၊ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချိုမြို့နယ်ထဲ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်လာနေပါတယ်။
စစ်ကောင်စီတပ်ဟာ တစ်လအကြာ အပစ်ခတ်ရပ် သက်တမ်းတိုးထားတယ်လို့ ပြောဆိုထားပေမဲ့ တအာင်းတပ်ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်းနဲ့ တိုက်ခိုက်နေတာရှိသလို တောင်းခမ်းနဲ့ အုမ္မသီးဘက်ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။