ပို့လဘား၊ မေလ ၉ ရက်၊ နောင်ချို
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် သရက်ချိုရွာထဲ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေး ၁ ဦး အပါအဝင် ဒေသခံ ၄ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က ဒီနေ့ မေလ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။
မနေ့ မေလ ၈ ရက် မနက် ၉ နာရီမှာ သရက်ချိုရွာမှာ မင်္ဂလာဆောင် ကျင်းပတဲ့နေရာကို စစ်တပ်က လက်နက်ကြီး ၁၆ ကြိမ် ပစ်ခတ်တိုက်ခတ်ခဲ့တာကြောင့် ၅ နှစ်အရွယ် ကလေး ၁ ယောက်အပါအဝင် အရပ်သား ၄ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက “တိုက်ပွဲက ၉၀၂ မှာဖြစ်တာ။ သူတို့အဆိပ်ငွေ့ဗုံးတွေရော လာချတာ။ ထိုးလာတာကတော့ အုမ္မသီးဘက်ရောပဲ” လို့ ပြောပါတယ်။
အလားတူ နောင်ချိုမြို့နယ် နောင်လင်းရွာကိုလည်း စစ်တပ်က ဒရုန်းဗုံး ၈ လုံးအပြင် အဆိပ်ငွေ့ဗုံး ၅ လုံးနဲ့ လက်နက်ကြီး ၃၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်က တဲခေါ်ရွာကနေ အုမ္မတီးရွာဘက်ကိုလည်း လက်နက်ကြီးနဲ့ အဆိပ်ငွေ့ဗုံး အသုံးပြုပြီး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်ဟာ မေလ ၆ ရက်ကနေ ၃၁ ရက်အထိ အပစ်အခတ် ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်ကြောင်း ကြေညာခဲ့ပေမဲ့ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ဒရုန်းအပြင် လေကြောင်းနဲ့လည်း တိုက်ခိုက်နေပါတယ်။