လွေးထွေး၊ မတ်လ ၁၆ ရက်၊ နောင်ချို
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် ယာပြင်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မတ်လ ၁၄ ရက် နေ့လည် ၁၀ နာရီ ခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ နောင်တောအုပ်စု ယာပြင်ရွာအနီးရှိ ကြံခင်းထဲကို ဗုံးကြဲခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၃ ဦး သေဆုံးပြီး အမျိုးးသမီး ၂ ဦး၊ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
“၃ ယောက်သေတာတော့ သိတယ်။ သူတို့က ကြံသွားခုတ်ရင်း ဒရုန်းထိလို့ သေတာ” လို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သေဆုံးသွားသူတွေဟာ အသက် ၂၈ နှစ်အရွယ် မသူဇာမိုး၊ အသက် ၂၁ နှစ်အရွယ် မသင်အေးနဲ့ အသက် ၁၅ နှစ်အရွယ် မသဇင်အေးတို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် လတ်တလောမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA၊ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား မြေပြင်မှာ တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်က လေကြောင်းနဲ့ပါ အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်နေတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့စာရင်းအရ ရှမ်းမြောက်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း ကလေး ၄ ဦး အပါအဝင် ၁၆ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ကလေး ၁၁ ဦးအပါအဝင် ၆၁ ဦး ဒဏ်ရာရခဲ့ပါတယ်။