လွေးထွေး၊ မေလ ၁၁ ရက်၊ နောင်ချို
တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်က မိုင်းငေါ့မြို့ ကွမ်စလန်းအုပ်စု ပန်လော့ရွာနေ သားဖြစ်သူ မင်္ဂလာဆောင်ဖို့ နောင်ချိုမြို့နယ် ဟိုခိုရွာရှိ အမျိုးသမီးကို တင်တောင်းဖို့သွားချိန် အုမ္မသီး၊ အုမ္မခါး အနီးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုးတာကြောင့် သားဖြစ်သူ ပစ်သတ်ခံရပြီး အမေဖြစ်သူ အသက် ၅၇ အရွယ် ဒေါ်ခမ်းအေးနဲ့ အသက် ၄၀ ကျော်အရွယ် ဦးလေးဖြစ်သူ ဦးမြင့်ဌေးတို့ ပျောက်ဆုံးနေတာပါ။
ပျောက်ဆုံးနေသူရဲ့ သမီးဖြစ်သူက “နောင်ချိုဘက်မှာ တာဝန်ကျတဲ့လူတစ်ယောက်က ပြောပြလာလို့ သိရတာ။ အဲအချိန် အခြေအနေတွေလည်း အရမ်းရှုပ်နေတော့လေ။ အစ်ကိုကတော့ ပစ်သတ်ခံလိုက်ရတယ်တဲ့။ အမေနဲ့ဦးလေးတော့ မသိဘူး။ ဒီအတိုင်းဘဲ ပျောက်တာဘဲသိတယ်။ ဟိုခိုရွာဘက်လည်း မရောက်ဘူး။ အခုချိန်အထိ သေလား ရှင်လား ဘာမှမသိရဘူး။ အစ်ကိုအတွက်က ရက်လည် လုပ်ပေးလိုက်ပြီ။ အမေနဲ့ ဦးလေးအတွက်တော့ အလှူဘဲ လုပ်ပေးထားတယ်” လို့ ပြောပါတယ်။
နောင်ချိုနဲ့ ပြင်ဦးလွင်ကြားမှာ မကြာခဏ အရပ်သားတွေ ပျောက်ဆုံးနေတာရှိပြီး ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ အမျိုးသား ၇ ဦး ပျောက်ဆုံးပြီး အမျိုးသမီး ၁ ဦး ပျောက်ဆုံးခဲ့ပါတယ်။
နောင်ချိုမြို့နယ် တောင်းခမ်းနဲ့ အနီးဝန်းကျင်မှာ စစ်တပ်နဲ့ TNLA တို့ နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်ပွားနေပြီး လုံခြုံရေးအရ နှစ်ဖက်တပ်ကလည်း စစ်ဆေးမေးမြန်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။