ပို့လဘား၊ နိုဝင်ဘာ ၁၂ ရက်၊ မူဆယ်
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာရှိတဲ့ ပြည်သူ့စစ်အချင်းချင်း စကားများရာကနေ ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ့စစ် ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်က မူဆယ်မြို့မှာ ပြည်သူ့စစ် ဗိုလ်တစ်ဦးက အရက်သောက်လွန်ပြီး ၎င်းရဲ့ လက်အောက်ခံဖြစ်တဲ့ ပြည်သူ့စစ် ၂ ဦးကို ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“သူ့တပည့် ၂ ယောက်က အပြင်သွားဖို့ ခွင့်တောင်းရာကနေ သူတို့ဆရာက ပေးမသွားလို့လား မသိဘူး။ အဲကနေ စကားများပြီး သူတို့ဆရာက သူတို့နှစ်ယောက်ကို ပစ္စတိုနဲ့ ပစ်လိုက်တာ။ အဲမှာပဲ သေသွားတယ်။ သူတို့ဆရာက အရက်လည်း သောက်ထားတယ်ထင်တယ်။ သူတို့အဖွဲ့က မြို့မပြည်သူ့စစ်ထင်တယ်” လို့ ၎င်းအမျိုးသားက ပြောပါတယ်။
ပစ်ခတ်ခဲ့သူဟာ ၎င်းရဲ့ လက်အောက်ခံဖြစ်တဲ့ ပြည်သူ့စစ် ၂ ဦးကို ပစ်သတ်ပြီးနောက် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်ကလည်း မူဆယ်မြို့မှာရှိတဲ့ မန်ပြိန်းပြည်သူ့စစ်အချင်းချင်း မူးယစ်ဆေးဝါး အသုံးလွန်ပြီး ပစ်ခတ်မှု ဖြစ်ပွားရာကနေ ပြည်သူ့စစ်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှုနဲ့ ရန်ပွဲတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။
မူဆယ်မြို့မှာ စစ်တပ်အပြင် ၎င်းရဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့အများစု ရှိနေပြီး အဲဒီပြည်သူ့စစ်တွေဟာ ကျားဖြန်၊ လောင်းကစားရုံ၊ မူးယစ်ဆေးဝါးနဲ့ ပြည့်တန်ဆာရုံတွေကို ကိုယ်စီပိုင်ဆိုင်ထားကြပြီး စစ်တပ်ထံ အခွန်ပေးဆောင်နေကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။