လွေးလာဝ်ဇာရ်၊ ဇွန်လ ၁ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နားလိုင်နဲ့ နမ့်လုတ်ရွာကြား ရှမ်းတပ်မတော် SSPP နဲ့ ကိုးကန့်တပ်မတော် MNDAA တိုက်ပွဲမှာ MNDAA တပ်သား ၁၀ ဦး ကျဆုံးတဲ့အပြင် ထိခိုက်ဒဏ်ရာရတဲ့သူလည်း ရှိတယ်လို့ ဖြစ်စဉ်သိရသူ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇွန်လ ၁ ရက် နေ့လယ် ၂ နာရီခွဲက SSPP စစ်ကြောင်း ထွက်နေချိန်မှာ MNDAA ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ SSPP က ထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက “ကိုးကန့်ဘက်က ၁၀ ယောက် သေတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်။ ဖြစ်စဉ်ကတော့ ဟိန်းလွမ့်ရွာထိပ်မှာ SSPP နေတယ်။ ဟန်းနားရွာမှာကျတော့ ကိုးကန့်နေတယ်။ SSPP ဘက်က လားရှိုး နောင်မွန်ဘက် သွားလည်ချင်တာ။ ကိုးကန့်က လမ်းမကြီးအတိုင်း ပေးမသွားဘူး။ သွားချင်ရင် တောလမ်းကနေသွားတဲ့။ SSPP လည်း တောလမ်းကနေ သွားတာ။ ကိုးကန့်က အနောက်ကနေ လိုက်လာတာ။ အဲဒါနဲ့ ပစ်ခတ်တာ” လို့ ပြောပါတယ်။
အဲဒီ အနီးအနားရွာမှာရှိတဲ့ နားလိုင်၊ ဟန်နား၊ ဟိန်းလွမ့်နဲ့ ကောင်းကော်စတဲ့ကျေးရွာတွေကို ကိုးကန့်တပ်ဘက်က ဘယ်မှမသွားခိုင်းတဲ့အပြင် သွားလာတာ တွေ့ရင်လည်း ဖမ်းမယ်လို့ MNDAA ဘက်က ပြောဆိုထားတာရှိတယ်လို့ ဆိုပါတယ်။
“အခုက ကိုးကန့်ဘက်က ဟန်နားရွာကလူတွေလည်း ဟိန်းလွမ့်ဘက် ပေးမသွားဘူးတဲ့ ဟိန်းလွမ့်က လူတွေလည်း ဟန်နားဘက် ပေးမသွားဘူး။ ရှမ်းအဖွဲ့ဘက်က ဘာမှပြောတာတော့မရှိဘူး။ ဟန်နားရွာရဲ့ နတ်စင်မှာ ထောင်ထားတဲ့ အလံတွေတောင် ကိုးကန့်က ဖြုတ်ပလိုက်တာ။ ကိုယ့်ရွာမှာနေပြီး လုံခြုံတဲ့နေရာမှာ နေနေကြတယ်” လို့ ပြောပါတယ်
လက်ရှိမှာ SSPP တပ်ဖွဲ့ကလည်း စစ်အင်းအားဖြည့်ထားသလို MNDAA တပ်ဘက်ကလည်း စစ်အင်အားတွေ ထပ်ဖြည့်နေပြီး နှစ်ဖက်တပ်စလုံး စစ်ရေးတင်းမာနေကြတယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။