လွေးဇွန်မိုး၊ စက်တင်ဘာ ၂၆ ရက်၊ ရွာငံ
ရှမ်းတောင် ရွာငံမြို့နယ်က ဒေသခံတွေ စစ်ရှောင်နေတဲ့ နေရာတစ်ခုမှာ မြေပြိုမှုဖြစ်ပွါးခဲ့ပြီး အသက် ၁ နှစ်ခွဲအရွယ်ကလေးငယ် အပါအဝင် စစ်ရှောင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်မတော်(DSNDA)က ဒီနေ့ စက်တင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက် ညမှာ ကျောက်တောရွာနယ်နမိတ်တောထဲရှိ စစ်ရှောင်စခန်းတစ်ခုအပေါ် မြေပြိုကျခဲ့တာဖြစ်တယ်လို့ DSNDA ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ပြောပါတယ်။
“မိုးအရမ်းရွာတာကြောင့်ပါ။ စခန်း(စစ်ရှောင်စခန်း)ပုံသေတော့မဟုတ်ပါဘူး။ ယာယီရှောင်တာပါ။ မိုးက နေ့စဉ်မရွာတဲ့ရက် မရှိပါဘူး”
မြေပြိုမှုကြောင့် အသက် ၁ နှစ်ခွဲ့အရွယ်အပါအဝင် အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၅ ဦးသေဆုံးခဲ့ပြီး အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးရဲ့ အလောင်းသာ ပြန်ရှာတွေ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကူညီရှာဖွေပေးမဲ့သူမရှိတာကြောင့် သေဆုံးသူတွေရဲ့အလောင်းကို ဆက်လက်မရှာဖွေနိုင်တော့ပဲ ရပ်တန့်လိုက်ရတယ်လို့ ကိုကျားပျံက ပြောပါတယ်။
အဲဒီစစ်ရှောင်တွေဟာ စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးပစ်တာနဲ့ လေယာဉ်နဲ့ ဗုံးကြဲတာတွေကြောင့် ကျောက်တောရွာကနေ စစ်ရှောင်လာသူတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။