မိုင်းရူပ၊ ဇူလိုင် ၂၇ ရက်၊ ပေါက်
မကွေးတိုင်း ပေါက်မြို့နယ် စဖဲကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင် ၂၆ ရက် ညနေ ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စဖဲကျေးရွာထဲကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒဏ်ရာရသူ ၉ ဦးထဲမှာ ၄ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ ဒီဖြစ်စဥ်ကို သိရှိထားတဲ့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း -မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ရွှေဖီမြေကို ပြောပါတယ်။
“တိုက်ပွဲ မရှိပါဘူးဗျ။ အကြောင်းမဲ့လာချသွားတာပါ။ သေဆုံးသွားသူ အမျိုးသားပါ” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တချို့နဲ့ စဖဲကျေးရွာရဲ့ ဆေးပေးခန်းလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားဒေသတွေကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေပြီး အရပ်သားသေဆုံးမှုတွေ နေ့စဥ်လိုလို ဖြစ်ပွားနေပါတယ်။
မနေ့ ဇူလိုင် ၂၆ ရက်မှာလည်း နွားထိုးကြီးမြို့နယ် မျက်ရှုကျေးရွာရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်ဟာ ဒရုန်းနဲ့ ဗုံး ၃ ကြိမ်ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ရှောင် ၆ ဦး သေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။