ယာရူစိင်၊ ဇူလိုင် ၁၂ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့ရှိ အမှိုက်ပစ်တဲ့နေရာမှာ ပိုင်ရှင်မဲ့ အလောင်း ၁ လောင်းတွေ့ရှိထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသက် ၄၀ ဝန်းကျင်ရှိတဲ့ အဲဒီပိုင်ရှင်မဲ့ အမျိုးသားအလောင်း ၁ လောင်းကို မူဆယ်မြို့ ဟိုနားရပ်ကွက် ကားလေးကွင်း အနောက်လမ်းရှိ အမှိုက်ပစ်တဲ့နေရာမှာ ဒီနေ့ ဇူလိုင် ၁၂ ရက်မှာ တွေ့ရှိခဲ့တာပါ။
“အလောင်းက သိပ်မကြာလောက်သေးဘူး။ အလောင်းက လာပစ်ထားတာလား။ မဟုတ်ရင် သူ့ဟာသူ အဲနေရာမှာ မူးယစ်ဆေးဝါးသုံးလို့ သေသွားတာလား မသိပါဘူး။ အသက်ကတော့ ၄၀ ဝန်းကျင်လောက် ရှိမယ်”
သေဆုံးနေတဲ့ အဲဒီ ပိုင်ရှင်မဲ့ အမျိုးသားအလောင်းကို HMS ပရဟိတ လူမှုကူညီရေးအသင်းက သွားရောက် သယ်ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ တစ်လအတွင်း မူဆယ်မြို့မှာ ပိုင်ရှင်မဲ့ အလောင်း ၈ လောင်းတွေ့ရှိခဲ့ပါတယ်။
မူဆယ်မြို့မှာ မူးယစ်ဆေး သုံးစွဲရင်း လမ်းဘေးမှာ သေဆုံးသွားတဲ့ ပိုင်ရှင်မဲ့ အလောင်းတွေ မကြာခဏ တွေ့ရှိရတဲ့မြို့လည်း ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့မှာ အရင်ကထက် မူးယစ်ဆေးဝါးနဲ့ လောင်းကစားဝိုင်း ပိုများလာပြီး ခိုးမှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှုလည်း မကြာခဏ ဖြစ်ပွါးနေတာပါ။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။