လွေးလာဝ်ဇာရ်၊ ဒီဇင်ဘာ ၁၈ ရက်၊ လားရှိုး
စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က အထက (၂)ကျောင်းမှာ ဆိုလာတပ်ဆင်ဖို့အတွက်ဆိုပြီး ကျောင်းသားတစ်ဦးကို ကျောင်းတာဝန်ခံတွေက ငွေ ၂ သောင်းကျပ် ကောက်ခံနေတယ်လို့ ကျောင်းသားမိဘတွေ ရွှေဖီမြေကို ပြောပါတယ်။
အိမ်တစ်အိမ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသား ၂ ဦး၊ ၃ ဦးရှိလည်း အကုန်ကောက်ခံနေတာကြောင့် ကျောင်းသားမိတွေက အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ကျောင်းသားမိဘဖြစ်သူတစ်ဦးက “လားရှိုး အထက (၂ )ကျောင်းမှာ ကျောင်းအုပ်ကြီးက ကျောင်းသားတစ်ယောက်ကို နှစ်သောင်းကောက်နေတယ်။ ဆိုလာတပ်ဖို့ဆိုပြီး တစ်အိမ်ထဲ ကျောင်းသားနစ်ယောက် သုံးယောက်ရှိလည်း အကုန်ထည့်ခိုင်းနေတယ်။ မိဘတွေ တင်ပြလည်းမရဘူး။ တစ်ယောက်ထဲရှိတဲ့အိမ်က နှစ်သောင်းပဲဆိုရသေးတယ်။ နှစ်ယောက်ရှိတော့ လေးသောင်း သုံးယောက် ခြောက်သောင်းဆိုတော့ အဆင်မပြေတဲ့မိဘတွေအတွက် မလွယ်ကူဘူး” လို့ ပြောပါတယ်။
အထက (၂)ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ မူလကတန်းကနေ အထက်တန်းအထိ မဖြစ်မနေ ငွေပေးဆောင်နေရတယ်လို့ နောက်ထက် ဒေသခံတစ်ဦးဆီက သိရပါတယ်။ သိရပါတယ်။
“အကြီးတန်း အငယ်တန်းမခွဲဘူး။ အဲကျောင်းမှာတက်နေတဲ့ ကလေးတွေ တစ်ယောက်မကျန်အကုန်လုံးပေးရတယ်။ ဟိုရက်ကပဲ စုံညီပွဲတော်တွက်
တစ်ယောက် တစ်သောင်းထည့်ရတယ်။ အခု ဆိုလာတပ်ဖို့ ပြန်တောင်းတယ်” လို့ ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည်လွှဲဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။