လွေးလာဝ်ဇာရ်၊ ဇွန်လ ၁၆ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်ပြီးထိန်းချုပ်နေတဲ့ လားရှိုးမြို့အထွက် နမ္မတူလမ်းခွဲမှာ ဖြတ်သန်းသွားလာတဲ့ ကုန်ကားသမားတွေဆီက စစ်ကောင်စီတပ်က ငွေသိန်းချီ တောင်းခံနေတယ်လို့ လားရှိုးမြို့မှ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုး-နမ္မတူလမ်းခွဲမှာ ဂိတ်စောင့်တဲ့ စစ်ကောင်စီတပ်သားတွေဟာ ဖြတ်သန်းသွားလာတဲ့ ကုန်ကားသမားတွေထံ ငွေ ၅ သောင်းကနေ သိန်းချီအထိ တောင်းခံတာလို့ ဆိုပါတယ်။
“နမ္မတူလမ်းခွဲက မော်တော်ပီကယ်အဖွဲ့တွေကို တွဲကားတစ်စီးကို ငါးသောင်းပေးရတယ်။ ချင်းရွှေဟော်က လာတဲ့ကားတွေဆို သိန်းချီပေးရတယ်။ ကားအလတ်တွေက တစ်စီးတစ်သောင်း ပေးရတယ်။ ATတံတားအဝင်မှာ စစ်တပ်ကို ပေးရတယ်။ ရေပူစမ်းအဝင်နားမှာ ရဲနဲ့ ယာဥ်ထိန်းဂိတ်တွေကို ပေးရတယ်” လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။
လားရှိုးမြို့အတွင်းမှာလည်း ဖြတ်သန်းသွားလာကြေးအတွက်ဆိုပြီး စစ်တပ်၊ ရဲ၊ ယာဉ်ထိန်း စတဲ့ဌာနဆိုင်ရာတွေက ငွေကောက်ခံနေတယ်လို့ နောက်ထပ် လားရှိုးဒေသခံ တစ်ဦးက ပြောပါတယ်။
“မြို့ထဲကို ဖြတ်သန်းကြေးလားဆိုလားဘဲ။ ဖြတ်သန်းသမျှကားတွေကို တောင်းနေတော့တာဘဲ။ မော်တော်ပီကယ် ရုံးနားလေးလည်း ညနေဆို လစ်ရင် လစ်သလိုတောင်းတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တရုတ်အကူအညီနဲ့ လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်မှာ ပြန်လည်ဝင်ရောက်ပြီး ထိန်းချုပ်နေတာဖြစ်ပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီတပ် ပြန်ဝင်ရောက်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကနေ ဒီနေ့ ဇွန်လ ၁၆ ရက်အထိ ဓားပြတိုက်မှု၊ ဓားခုတ်မှုနဲ့ လုယက်မှု ၂၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။