လွေးထွေး၊ ဒီဇင်ဘာ ၁၇ ရက်၊ ပြင်ဦးလွင်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ မီတာခ ပုံမှန်ထက် ၄ဆ အထိ ပိုပေးနေရတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မီတာသုံးစွဲတဲ့အိမ်နဲ့ ဆိုင်တွေ မတူတာကြောင့် တချို့ဆိုင်တွေမှာ ပုံမှန်ထက် ၄ဆကျော်အထိ ပေးဆောင်ခဲ့ရကြောင်း ရကပ်ကွက် ၁၂ နေအမျိုးသမီးက ဆိုပါတယ်။
”ကျမတို့ဆိုင်ဆို မီးလည်းပုံမှန်မလာ။ လာတော့လည်း မီးအားမနိုင်။ လဝက်ကစပြီး ဆိုလာပြန်သုံးတာတောင် ၄ဆ လောက်တက်သွားတာ။ ဒီလိုပုံမှန်ဘဲဖြစ်လာမယ်ဆို ကျမတို့မသုံးနိုင်တော့ဘူး “
ပုံမှန်မီတာခကို ၈ သောင်းသာ ဆောင်ခဲ့ရပြီး စားသောက်ဆိုင်ဖွင့်ထားတာကြောင့် မီးအဆင်ပြေအောင်သုံးနိုင်ဖို့ ဆိုလာမီးအပြင် ဂတ်(စ်) ကိုသာအသုံးပြုနေရပေမဲ့ နိုဝင်ဘာလ မီတာခကို ၃ သိန်းကျော် ဆောင်ခဲ့ရကြောင်း သူမကဆိုပါတယ်။
၂၀၂၅ ခုနှစ် လအစကတည်းက ပြင်ဦးလွင်ရှိ ရပ်ကွက်တိုင်းက ပုံမှန်အိမ်သုံး မီတာခ ၂ သောင်း ဝန်းကျင်သာပေးခဲ့ရပေမဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွက် မီတာခဟာ ၆ သောင်းကျော်အထိ ပေးခဲ့ရတာ ဖြစ်ပါတယ်။
ရပ်ကွက်ကြီး ၇ နေ အမျိုးသမီးက “အရင်ကတခါမှမကြုံဖူးဘူး။ နိုဝင်ဘာလက လန့်တောင်လန့်ရတယ်။ ရုံးကိုမေးကြည့်တော့ အဲလောက်ပါဘဲတဲ့။ သူများတွေပြောကြတာက ကောက်တဲ့ဝန်ထမ်းတွေမတူလို့တဲ့။ တချို့ကလုပ်စားတာ။ တချို့က မဖတ်တတ်တာတဲ့” လို့ ပြောပါတယ်။
ဒါ့အပြင် ပြင်ဦးလွင်မြို့မှာ မီတာခအပြင် တခြား အခွန်တွေကိုလည်း ဌာနဆိုင်ရာတွေကို ပိုပေးနေရကြောင်း မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။