ပို့လဘား၊ ဇွန်လ ၁၆ ရက်၊ နောင်ချို
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLAတို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွါးနေပြီး တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။
မနေ့ ဇွန်လ ၁၅ ရက်မှာ နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာနဲ့ ရေမောင်းတန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဟာ လက်နက်ကြီး ၃လုံး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံး ၃၇ လုံးနဲ့ ဗုံး ၃၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAဘက်က ပြောပါတယ်။
အလားတူ လက်ပန်ကုန်းကျေးရွာမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ၆ လုံး ပစ်ကူတိုက်ခိုက်ခဲ့တာရှိတယ်လို့ ဆိုထားပါတယ်။
မြေပြင် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက “တိုက်ပွဲကတော့နေ့တိုင်းဖြစ်နေတယ်။ နောင်ချိုနားရောက်တော့မယ်။ ကံကြီးရွာထဲမှာတော့ စကစ တွေပဲ”လို့ ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရွှေညောင်ပင်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်ကလည်း ရွှေသွန်းကျေးရွာ၊ ပိန္နဲကုန်း၊ သရက်ကုန်းနဲ့ လက်ပန်ကုန်းကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ TNLAတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ၈၀ လုံးနဲ့ ဒရုန်းနဲ့ ဗုံး၂၆ လုံး ပစ်ကူခဲ့တယ်လို့ တအာင်းတပ်ဘက်က ထုတ်ပြန်ထားပါတယ်။
နောင်ချိုမြို့အနီး စစ်ကောင်စီတပ်တွေ ရောက်ရှိလာနိုင်တာကြောင့် မြို့ခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။