လွေးထွေး၊ ဇွန်လ ၂၅ ရက်၊ နောင်ချို
နောင်ချိုမြို့အနီးဝန်းကျင်အထိ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေသလို လေကြောင်းနဲ့ပါ တိုက်ခိုက်နေတာကြောင့် မန္တလေး-လားရှိုး အတက်ကားတွေ ပြင်ဦးလွင်မြို့မှာ သောင်တင်နေကြောင်း ကားသမားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ ဇွန်လ ၂၄ ရက် ညနေ ၆ နာရီအထိ နောင်ချိုအနီးတိုက်ပွဲကြောင့် ပြင်ဦးလွင်မြို့အထွက်မှာ ကုန်တင်ကား၊ အိမ်စီးကားတွေက သောင်တင်နေသလို လားရှို-မန္တလေး အဆင်းကားတချို့လည်း နောင်ချိုမြို့မှာ သောင်တင်နေကြတယ်လို့ ဆိုပါတယ်။
ကားသမားတစ်ဦးက “မနေ့၊ တမြန်မနေ့က တိုက်ပွဲတွေ ဖြစ်တယ်။ ဗုံးသံ၊ သေနတ်သံတွေ ကြားနေရတာကြောင့် အခြေအနေ နားထောင်နေကြတာ။ တစ်စီးစ နှစ်စီးစတော့ သွားကြတာရှိတယ်ပေါ့” လို့ ပြောပါတယ်။
နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်နေတာကြောင့် ဖြတ်သန်းသွားလာတဲ့ ယာဉ်တွေကိုလည်း စစ်ဆေးတင်းကြပ်ခဲ့သလို ပုံမှန်သွားနေကြ သုံးဆယ်ရွာလမ်းကိုလည်း ပိတ်ထားကြောင်း နောက်ထပ် ကားသမားတစ်ဦးက ဆိုပါတယ်။
“ဒီမနက်မှာတော့ ပြန်သွားလာကြတယ်။ အများစုက မသွားရဲကြသေးဘူး။ နားထောင်နေကြတုန်းဘဲ။ ဖြစ်နိုင်ရင် တခြား တောင်ပိုင်းလမ်းဘဲ သွားစေချင်တော့တယ်။ ဒီလမ်းက အန္တရာယ်များတယ်” လို့ ပြောပါတယ်။
ကားတွေ အများစုက သောင်တင်နေကြတာဟာ နှစ်ဖက်တပ်က ပေးမသွားတာ၊ ပိတ်ပင်ထားတာမျိုးမဟုတ်ဘဲ တိုက်ပွဲကြားပိတ်မိမှာနဲ့ လေကြောင်းရန်ကို စိုးရိမ်ကြတာကြောင့် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
တိုက်ပွဲပြင်းထန်နေပေမဲ့ ဒီနေ့ ဇွန်လ ၂၅ ရက် မနက်အထိ မန္တလေး-လားရှိုး ပြည်ထောင်စု လမ်းမကြီးကို ပိတ်တာတော့မရှိသေးကြောင်း ခရီးသည်နဲ့ ကုန်ကားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ သူလက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ ပြည်ထောင်စုလမ်းမကြီးကို အသုံးပြုပြီး မြေပြင်ကနေ အင်အားထောင်ချီနဲ့ ထိုးစစ်ဆင်နေတာကြောင့် ခရီးသွားလူထုတွေ သွားလာရေး အခက်ကြုံနေရကြောင်း လူထုတွေက ရွှေဖီမြေကို ပြောဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။