ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ မိုင်းငေါ့
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့မှာ တအာင်းပြည် ကျန်းမာရေးကောင်စီ (THC) က ၅ နှစ်အောက် ကလေး ၂ ရာနီးပါးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်ကနေ ၁၀ ရက်အထိ ၃ ရက်တိတိ ထိုးနှံပေးခဲ့တာဖြစ်ပြီး ကလေးငယ် စုစုပေါင်း ၁၉၉ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ၆ ဦးကို ထိုးနှံပေးခဲ့တာလို့ ဆိုပါတယ်။
ပြင်းထန်တီဘီရောဂါ ကာကွယ်ဆေး (BCG Vaccine)၊ ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေး (IPV Vaccine)၊ ငါးမျိုးစပ် ကာကွယ်ဆေး (Pentavalent Vaccine)၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်အသားဝါ (B ပိုး) နဲ့ ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါ)၊ (MMR Vaccine) ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် ရောဂါတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် မေးခိုင်နဲ့ ဆုံဆို့နာ ကာကွယ်ဆေး (Td Vaccine) စတဲ့ ကာကွယ်ဆေးတွေ ထိုးပေးခဲ့တာဖြစ်ပါတယ်။
ကလေးငယ်တွေ ပုံမှန်ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု ကောင်းမွန်ဖို့အတွက် ကာကွယ်ဆေး မထိုးရသေးတဲ့ ကလေးတွေ ကျန်ရှိရင်လည်း မိဘတွေအနေနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ သွားရောက်ထိုးနှံပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို လစဉ်လတိုင်း ကာကွယ်ဆေးတွေ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး လာမယ့် မတ်လ ၉ ရက်မှာလည်း မိုင်ငေါ့မြို့မှာ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာလည်း THC က ကွတ်ခိုင်မြို့နယ်မှာ ၃ ရက်အတွင်း အသက် ၅ နှစ်အောက် ကလေးငယ် ၁၀၀ ဦးကျော်ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့တယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။