လွေးလာဝ်ဇာရ်၊ ဇွန်လ ၂၄ ရက်၊ ကျောက်မဲ
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စံပြထမင်းဆိုင် သားမိအပါအဝင် ဒေသခံ ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၄ ဦးထဲမှာ နောင်ချိုကနေ ကျောက်မဲကိုစစ်ရှောင်လာတဲ့ သူတွေလည်းပါဝင်တယ်လို့ သိရပါတယ်။
ဒီနေ့ ဇွန်လ ၂၄ ရက် ညနေ ၅ နာရီမှာ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံး၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေါ်လှရီ(၆၀)နဲ့ ဝေါဝေါ(ခ)သီဟနိုင်(၂၂)၊ ဒေါ်လှလှထွေး(၅၃)နဲ့ ဒေါ်လှတင်(၅၅) ဆိုသူတို့ သေဆုံးသွားခဲ့ပါတယ်။
သေဆုံးသွားတဲ့ ၄ ဦးထဲမှာ စံပြထမင်းဆိုင်ပိုင်ရှင်ရဲ့ အမျိုးသမီး၊ သားနဲ့ နောက်ထပ်နှစ်ဦးကတော့ နောင်ချိုမြို့ကနေ စစ်ရှောင်လာတဲ့ အမျိုးသမီး ၂ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်သိရသူ အမျိုးသမီးတစ်ဦးက “ဗလီကျောင်းနောက်က မိသားစုဝင်ကတော့ ဒဏ်ရာဘဲရတာ။ ၅ လသား ကလေးလည်းပါတယ်။ သူ့ခေါင်းနည်းနည်းထိတယ်။ သူမိဘတွေလည်း ဒဏ်ရာရဘဲရတယ်” လို့ ပြောပါတယ်။
ဗုံးကြဲလို့ ဒဏ်ရာရတဲ့သူတွေထဲမှာ အသက် ၅ နှစ်အရွယ် စောစော၊ အသက် ၂၅ နှစ်အရွယ် မအေးချမ်းမိုး၊ အသက် ၁၇ နှစ်အရွယ် မရွှန်းလဲ့ရည်၊ အသက် ၁၉ နှစ်အရွယ် မောင်ကျော်ဇော်ဟိန်း၊ အသက် ၆၃ နှစ်အရွယ် ဦးလှဌေး၊ အသက် ၆၂ အရွယ် ဦးအောင်ထွန်း၊ အသက် ၅၅ နှစ်အရွယ် ဒေါ်လှလှသိန်း၊ အသက် ၅၂ နှစ်အရွယ် ဒေါ်လှလှယင်၊ အသက် ၂၂ နှစ်အရွယ် ပေါက်ဘီ၊ အသက် ၃၃ နှစ်အရွယ် ဖြိုးဝေဝေကျော်၊ အသက် ၆၀ နှစ်အရွယ် ဒေါ်ခင်ရီတို့ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ ရက်ကလည်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။