မိုင်းရူပ၊ ဇွန်လ ၂၂ ရက်၊ နောင်ချို
စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် နောင်ချိုမြို့အနီးမှာ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ်ဟာ တောင်းခမ်း-ကံကြီးလမ်းပိုင်းကနေ ထိုးစစ်ဆင် တိုက်ခိုက်နေသလို နောင်ချိုမြို့နယ် အုမ္မတီးရွာဘက်ကနေလည်း နောင်ချိုမြို့ဘက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ဒီရက်ပိုင်းအတွင်း နောင်ချိုမြို့အနီးရှိ လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွှေသွန်း၊ လုံဝယ်၊ အုမ္မသီးနဲ့ ဆမ္မဆယ် စတဲ့ကျေးရွာတွေမှာ တိုက်ပွဲ ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။
“တိုက်ပွဲက ဆက်ပြင်းထန်နေတယ်။ အုမ္မတီးဘက်မှာဆိုရင် ရွှေညောင်ပင်ရွာဘက်မှာ တိုက်ပွဲ ပိုပြင်းထန်လာတယ်။ ကံကြီးဘက်မှာဆိုရင် သရက်ကုန်း၊ ဉာဏ်တော၊ ရွှေသွန်းဘက်မှာ ဖြစ်နေတယ်” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တအာင်းတပ်ဘက်ကလည်း နောင်ချိုမြို့နယ်က ကျေးရွာ ၇ ခုမှာ တိုက်ပွဲ ပြင်းထန်နေပြီး ဇွန်လ ၂၀ ရက် တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ကြီး ၁၄၄ လုံးနဲ့ ဒရုန်းအသုံးပြုပြီး ဗုံး ၃၁ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မနေ့ ဇွန်လ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ နောင်ချိုမြို့အနီးရှိ TNLA တပ်စခန်းတစ်ခုကို စစ်တပ်ဘက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဝါဒဖြန့် ရေးသားဖော်ပြနေကြပါတယ်။
နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လထဲ TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နောင်ချိုမြို့ကို လက်မလွှတ်ရရေးအတွက် TNLA နဲ့ ပူးပေါင်းတပ်ဘက်က ဆက်လက် ခုခံနေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။
နောင်ချိုမြို့အနီးက တိုက်ပွဲတွေကြောင့် နောင်ချိုမြို့ပေါ်က ဒေသခံနဲ့ မြို့အနီးက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။