ယာရူစိင်၊ ဇွန်လ ၂၁ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နေတဲ့ ရှမ်းမြောက်က လားရှိုးပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံပေးနေတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။
ကိုဗစ်ကာကွယ်ဆေးတွေကို အခု ဇွန်လထဲမှာ ထိုးနှံပေးနေတာဖြစ်ပြီး အပတ်စဉ် ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ထိုးပေးနေတယ်လို့ ကျန်းမာရေးဌာနနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မှတ်ပုံတင်ပဲ ယူသွားရင် ရပါပြီ။ အသက် ၁၈ နှစ်အထက်ဆိုရင် ထိုးလို့ရပါပြီနော်။ လသားကလေးအရွယ်တွေအတွက်လည်း သပ်သပ်ထိုးပေးတာလည်း ရှိပါတယ်။ ကာကွယ်ဆေးကို အလကားထိုးပေးတာပါ”
အဆိုပါ ကိုဗစ်ကာကွယ်ဆေးကို မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ထိုးပေးနေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံထဲမှာလည်း ကူးဗစ်ပိုး ထပ်မံကူးစက်ခံနေရသူ ရှိနေပြီး မေလ ၁၈ ရက်ကနေ ၂၅ ရက်အထိ ကိုဗစ်လူနာ ၆ ဦး တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပိုးကူးစက်ခံရသူတွေဟာ ရန်ကုန်တိုင်း ဒဂုံ၊ အင်းစိန်၊ သာကေတ၊ ကော့မှူးနဲ့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) စတဲ့မြို့နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။
လားရှိုးမြို့ပေါ်မှာ စစ်ကောင်စီပြန်လည်ဝင်ရောက်လာပြီးတဲ့နောက် လက်ရှိအချိန်ထိ မြို့ပေါ်ရှိ ဆေးရုံအပါအဝင် အုပ်ချုပ်ရေးယန္တရားတချို့ကိုသာ လည်ပတ်နိုင်သေးပြီး တချို့အပိုင်းတွေတော့ လက်ရှိအချိန်ထိ မလည်ပတ်နိုင်သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။