မိုင်းရူပ၊ ဇွန်လ ၈ ရက်၊ နောင်ချို
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့အနီးရှိ ရှောက်ခြုံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကံကြီးအခြေအနေက စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်နိုင်တာတော့ မရှိဘူး။ တစ်ဖက်နဲ့တစ်ဖက် ရှေ့တိုးနောက်ဆုတ်နေတဲ့ အခြေအနေပေါ့။ ဒီနေ့(ဇွန် ၈ ရက်) ည ၅ နာရီခွဲကစပြီး စစ်ကောင်စီဘက်က ထိုးလာလို့ ရှောက်ခြုံရွာမှာ တိုက်ပွဲ ပြင်းထန်နေတယ်”
ဒီနေ့ ဇွန်လ ၈ ရက်မှာ ကံကြီးရွာထဲ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ဒရုန်း အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
တအာင်းတပ် ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်နေတဲ့ စစ်တပ်ဟာ ကံကြီးရွာအထိ ရောက်ရှိလာပြီး နောင်ချိုမြို့ထဲ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။
ဇွန်လ ၆ ရက်မှာ နောင်ချိုမြို့ထဲ စစ်တပ်က လက်နက်ကြီး ၁၀ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့ ဘူတာရပ်ကွက်မှာ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၇ နှစ်အရွယ် ဦးအတူဆိုသူ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
မြို့နဲ့နီးတဲ့နေရာမှာ တိုက်ပွဲ ဖြစ်ပွားလာတာကြောင့် မြို့အနီးရှိ ကျေးရွာ ၈ ရွာက ဒေသခံနဲ့ နောင်ချိုမြို့တွင်းရှိ လူထုတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ နောင်ချိုမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် လူထုတွေအနေနဲ့ လုံခြုံရေး အထူးဂရုစိုက်ဖို့ လိုအပ်ကြောင်း ဇွန်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။