ပို့လဘား၊ ဇွန်လ ၂၇ ရက်၊ မူဆယ်
စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ လက်ကို သံကြိုးနဲ့တုတ်ပြီး စွန့်ပစ်ခဲ့တဲ့ အလောင်းတစ်လောင်းတွေ့ရှိခဲ့တယ်လို့ မူဆယ်မြို့မှာရှိတဲ့ လူမှုကူညီရေးအသင်းတစ်ခုထံက သိရပါတယ်။
မူဆယ်မြို့ ကောင်းမှုတုန်ရပ်ကွက် ဟိုနားနယ်မြေ ကွတ်ခိုင်တည်းခိုခန်းလမ်းအနီးမှာရှိတဲ့ အမှိုက်ပုံနေရာကို မနေ့ ဇွန်လ ၂၆ ရက် ည ၅ နာရီမှာ အလောင်းကို သွားရောက်သယ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
“အလောင်းကပုပ်ပွပြီး ယောကျာ်းလား၊မိန်းမလားတောင် မခွဲခြားနိုင်တော့ဘူး။ ကြည့်ရတာ သူတို့အိမ်မှာ အလောင်းကို သေချာလေး ထုတ်ပြီး ချောက်ထဲက အမှိုက်ပုံမှာ လာစွန့်ပစ်တဲ့သဘောရှိတယ်။ လက်ကိုလည်း သံကြိုးနဲ့ တုတ်ထားတာ”လို့ ဆိုပါတယ်။
ပိုင်ရှင်မဲ့အလောင်းကိုတော့ မူဆယ်မြို့မှာရှိတဲ့ လက်ဖက်ညွှန့်လူမှုကူညီရေးအသင်းနဲ့ မြင့်မြတ်ပါရမီလူမှုကူညီရေးအသင်းတို့က သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်မှာလည်း မူဆယ်မြို့က နမ့်ပေါ်ချောင်းထဲမှာ ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်တွေလည်း ပေါင်းစုံရှိနေသလို မူးယစ်ဆေးဝါးတွေ အလွယ်ကူရနေတာကြောင့်နဲ့ လောင်းကစားဝိုင်းတွေ ပေါများတာကြောင့် ဓားပြတိုက်မှု၊ လုယက်မှုနဲ့ ရိုက်နှက်မှုတွေ မကြာခဏဖြစ်ပွားနေသလို ပိုင်ရှင်မဲ့အလောင်းတွေကိုလည်း မကြာခဏ တွေ့နေရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။