ပျားကြီး၊ ဇွန်လ ၂၃ ရက်၊ ပေါက်
မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇွန်လ ၂၃ ရက် မနက် ၇ နာရီဝန်းကျင်က ကျေးရွာပေါင်း ၇ ရွာထက်မနည်းကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
“ရွာတိုင်းကို ကြဲချသွားတာ။ သေတဲ့သူတွေရော ခြေထောက် ဖြတ်ရမယ့်သူတွေရော ရှိတယ်။ အိမ်တွေပေါ် ကြဲချသွားတာ” လို့ သက္ကယ်ကျင်းရွာခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ Y12 အမျိုးအစားလေယာဉ်နဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘို့မယ်၊ ဘိုကုန်း၊ လယ်ယာ၊ လက်ပံလှ၊ တံစူး၊ သက္ကယ်ကျင်း၊ ကင်းမ စတဲ့ကျေးရွာတွေက လူထုတချို့ ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
စစ်တပ် လက်ချက်ကြောင့် သက္ကယ်ကျင်းရွာက ဒေသခံ ၃ ဦး၊ ဘို့မယ်ရွာက ၂ ဦး သေဆုံးခဲ့တယ်လို့ ကနဦး သိရှိထားရပြီး ကင်းမရွာက ၁ ဦးလည်း စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။