ယာရူစိင်၊ ဇွန်လ ၂၄ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ စျေးကနေ ပြန်လာတဲ့ အမျိုးသမီးကို အမျိုးသားတစ်စုက သေနတ်ထောက် ဓားပြတိုက်သွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇွန်လ ၂၄ ရက် မနက်အစောပိုင်းက လားရှိုးမြို့ အောင်မင်္ဂလာစျေးကနေ ပြန်လာနဲ့ အမျိုးသမီးကို အိမ်စီးကားစီးလာတဲ့ အမျိုးသား ၄ ဦးက သေနတ်ထောက်ကာ ဆိုင်ကယ်၊ ဖုန်းနဲ့ လက်ဝတ်ရတနာတွေကို ဓားပြတိုက်ယူဆောင်သွားခဲ့တာဖြစ်ပါတယ်။
“သူ့ပိုက်ဆံတော့ ၁ သိန်းလောက်ပဲ ပါသွားတာ။ ဆွဲကြိုးတစ်ကွင်း၊ လက်စွပ်တစ်ကွင်း ပါသွားတာပါ။ သူက ကလစ်ဆိုင်ကယ်နဲ့ စျေးက်ိုသွားတာ။ အပြန်လမ်းမှာ ဖြစ်သွားတာပေါ့နော်။ ကျမတို့နှစ်ယောက်က တူတူသွားတာ ဆိုင်ကယ်တစ်ယောက်တစ်စီးနဲ့ပေါ့။ သူက ကျမထက် အရင်ပြန်သွားတာ။ လက်ဝတ်ရတနာတွေ ဖြုတ်ခိုင်းပြီးတော့ မချွတ်ပေးရင် သေနတ်နဲ့ ခြိမ်းခြောက်သေးတယ်။ သူလည်း ကြောက်နေရတာဆိုတော့ ချွတ်ပေးလိုက်ရတာပေါ့နော်”
မနေ့ ဇွန်လ ၂၃ ရက် ညနေ ၆ နာရီအချိန် မှာ လားရှိုးမြို့ နယ်မြေ ၆ နဲ့ နယ်မြေ ၈ အစပ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးကို အမျိုးသား ၂ ဦးက ရှေ့ကနေ ပိတ်ရပ်ကာ ဓားထောက်ပြီး ဆိုင်ကယ်ကို လုယက်သွားတဲ့ ဖြစ်စဉ်ဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ကလဲ လူစည်ကားတဲ့ မန်ဆူကျောင်းအနီးမှာရှိတဲ့ ဖုန်းဆိုင်တစ်ဆိုင်ကို သေနတ်ကိုင်ဆောင်ထားတဲ့ လူတစ်စုက သေနတ်ထောက်ပြီး ဆိုင်အတွင်းရှိ တန်းဖိုးကြီး ဖုန်းအများအပြားကို ဓားပြတိုက်ယူဆောင်သွားခဲ့ပါတယ်။
ဓားပြတိုက်မှု ဖြစ်ပွါးတဲ့နေရာအများစုမှာ သေနတ်ကိုင်ဆောင်ထားသူ အများဆုံးပါဝင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လားရှိုးမြို့ကို စစ်တပ်က ဝင်ရောက်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကနေ ဒီနေ့ ဇွန်လ ၁၂ ရက်အထိ ဓားပြတိုက်မှု၊ ဓားခုတ်မှုနဲ့ လုယက်မှု ၂၇ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။