မိုင်းရူပ၊ ဇွန်လ ၂၆ ရက်၊ မူဆယ်
ဒုစရိုက်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့ ရှမ်းမြောက် မူဆယ်မြို့ပေါ်က လောင်းကစားဝိုင်းတစ်ခုမှာ ခိုးဖို့ကြိုးစားတဲ့ အမျိုးသားတစ်ဦးကို ပြည်သူ့စစ်အဖွဲ့ရဲ့ လိုက်လံပစ်ခတ်တာ ခံရပြီး သေဆုံးသွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
မနေ့ ဇွန်လ ၂၅ ရက် နေ့လည် ၂ နာရီခွဲဝန်းကျင်မှာ ခိုးဖို့လုပ်နေတဲ့ အဲဒီအမျိုးသားတစ်ဦးကို မြို့မပြည်သူ့စစ်အဖွဲ့ (၄) က လိုက်လံပစ်ခတ်ခဲ့ရာ မူဆယ်မြို့ နွားခြံအနီးမှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။
“အဲမန်ဝိန်းရပ်ကွက်မှာ လောင်းကစားဝိုင်းတွေပဲ။ မူးယစ်ဆေးဝါးလည်း ရတဲ့နေရာပေါ့။ သူက ခိုးမလို့ပဲ ရှိသေးတယ်။ မခိုးရသေးဘူး။ မြို့မပြည်သူ့စစ်က လိုက်ပစ်တာခံရပြီးတော့ သေသွားတာ” လို့ ဒီဖြစ်စဥ်ကို သိရှိထားသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပစ်သတ်ခံရတဲ့ အမျိုးသားဟာ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ရှောက်ဟော်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ်ရှိသူဖြစ်တယ်လို့ ရှောက်ဟော်ရွာခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“သူရွာမပြန်တာ ၂ နှစ်လောက်ရှိပြီ။ အရင်လည်းသူခိုးတဲ့ အကျင့်တော့ရှိတယ်။ အခုက ဘာခိုးလို့ ပစ်ခံတာလည်းတော့ သေသေချာချာမသိဘူး” လို့ ဆိုပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ လောင်းကစားဝိုင်းနဲ့ မူယစ်ဆေးဝါးတွေ ပေါများသလို ခိုးမှု၊ လူသတ်မှု၊ ဓားပြနဲ့ လုယက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အရေးယူနိုင်တာမျိုးလည်း မရှိပါဘူး။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်မှာလည်း မူဆယ်မြို့မှာ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ငွေသားနဲ့ လက်ဝတ်ရတနာတွေ ပါသွားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။