ပို့လဘား၊ ဇွန် ၁၉ ရက်၊ နောင်ချို
တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲမှာ စစ်ကောင်စီတပ်က ခရီးသည် အရပ်သားတစ်ဦးကို ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇွန်လ ၁၈ ရက်မှာ ကားစီးလာတဲ့ အမျိုးသား၂ ဦးက ပြင်ဦးလွင်ကနေ အုမ္မသီးကျေးရွာဘက်ကို သွားရင်း စစ်ကောင်စီတည်ရှိရာနေရာကို ရောက်သွားချိန် ပစ်ခတ်ခံခဲ့ရတာကြောင့် ကားထဲလိုက်ပါလာသူ အမျိုးသားတစ်ဦးက သေဆုံးသွားပြီး ကားသမားကတော့ ထွက်ပြေးလွှတ်မြောက်သွားခဲ့ပါတယ်။
နောင်ချိုဒေသခံအမျိုးသမီးတစ်ဦးက “မနက်အစောပိုင်းမှာ ပစ်ခတ်ခံရတာ။ သူခရီးသွားတာထင်တယ်။ ကားထဲ သူတို့နှစ်ယောက်ဘဲ ဆိုတော့လေ။ သူကကားနောက်ခန်းမှာ ထိုင်တော့ သူ့နားရွက်နားထိသွားတယ်။ အဲအနီးတဝိုက်မှာ စကစက လူတွေကို မကြာခဏ ပစ်ခတ်တာတွေ လုပ်နေတယ်။ ဒါကြောင့် ဒီဘက်ကို ခရီးထွက်မယ်ဆိုရင် သေချာစုံစမ်းပြီးတော့ စိတ်ချမှသာ လာစေချင်တယ်” လို့ ပြောပါတယ်။
သေဆုံးသွားသူ အမျိုးသားကိုတော့ နောင်ချိုရှိ ကူညီပေးနေတဲ့ လူထုတချို့က လားရှိုးမြို့ဘက်ကို ပို့ဆောင်ပေးခဲ့ကြောင်း သူမက ဆိုပါတယ်။
အလားတူ အုမ္မသီးလမ်းခွဲမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်ကလည်း စစ်ဘေးရှောင်တစ်ဦးက စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်ကလည်း ဆမ္မဆယ်ကျေးရွာကို စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် နောင်ချိုမြို့ကနေရာ တချို့နဲ့ အုမ္မသီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA တို့အကြား နေ့စဉ် တိုက်ပွဲတွေ ပြင်းထန်နေကြောင်း သတင်းအရင်းအမြစ်နဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။