ယာရူစိင်၊ ဇွန်လ ၁၂ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်လည် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ထဲက လူစည်ကားရာ မန်ဆူကျောင်းအနီးမှာရှိတဲ့ ဖုန်းဆိုင်တစ်ဆိုင်ကို သေနတ် ကိုင်ဆောင်ထားတဲ့ လူတစ်စုက ဓားပြ တိုက်သွားခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇွန်လ ၁၂ ရက် နေ့လယ် ၂ နာရီခွဲမှာ Crown ကားအဖြူနဲ့ သေနတ် ကိုင်ဆောင်ထားတဲ့ လူ ၅ ယောက်က သေနတ် ထောက်ပြီး ဆိုင်အတွင်းရှိ ဖုန်းတွေ ယူဆောင်သွားတာပဲ ဖြစ်ပါတယ်။
“i-Phone တွေ အများဆုံး ပါသွားတယ်လို့ ပြောတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူးပေါ့။ ဖုန်းအပါအဝင် ပိုက်ဆံတွေလည်း အကုန်ပါတယ်”
ဒီနေ့လယ်မှာလည်း လားရှိုးမြို့ ရပ်ကွက် ၁ မှာရှိတဲ့ ကြံ့ခိုင်ရေးရုံးအနီးမှာ အဖိုးအိုတစ်ယောက်ကို လူနှစ်ယောက်က သေနတ်ထောက်ပြီး ဆိုင်ကယ်၊ ပိုက်ဆံနဲ့ ဖုန်းတွေ ဓားပြတိုက်သွားတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဓားပြတိုက်မှု ဖြစ်ပွားတဲ့ နေရာအများစုမှာ သေနတ် ကိုင်ဆောင်ထားသူ အများဆုံး ပါဝင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီတပ် ဝင်ရောက်ပြီးနောက် ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကနေ ဒီနေ့ ဇွန်လ ၁၂ ရက်အထိ ဓားပြတိုက်မှု၊ ဓားခုတ်မှုနဲ့ လုယက်မှု ၂၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
လားရှိုးကို စစ်ကောင်စီတပ်က တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ဧပြီ ၂၂ ရက်ကစပြီး ပြန်လည် အုပ်ချုပ်ခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။