ပို့လဘား၊ ဇွန်လ ၁၇ ရက်၊ နောင်ချို
တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လိုက်လို့ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဇွန်လ ၁၆ ရက် ည ၆ နာရီခွဲအချိန်က နောင်ချိုမြို့ ဘူတာရပ်ကွက်ဘက်ကို စစ်ကောင်စီတပ်က ဝေဟင်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
“၆ လုံးပစ်လာတယ်။ နေအိမ်၂ လုံးထိတယ်။ တစ်လုံးက ရထားလမ်းပေါ်မှာ ကျတယ်။ တစ်လုံးက တောထဲမှာကျတာ။ ဘုန်းကြီးကျောင်းမှာ ၃ လုံးကျတယ်” လို့ပြောပါတယ်။
ဒါ့အပြင် နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာနဲ့ ရေမောင်းတန်းကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်နဲ့ TNLAတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဟာ လက်နက်ကြီး ၉ လုံးနဲ့ ဒရုန်းဗုံး ၂၆ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။
မနေ့ ဇွန်လ ၁၆ ရက်ကလည်း စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ-ကွတ်ခိုင်မြို့နယ်အစပ်ရှိ မန်ဆာကျေးရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။