လွေးလာဝ်ဇာရ်၊ ဇန်နဝါရီ ၇ ရက်၊ ပေါက်

မကွေးတိုင်း ပေါက်မြို့နယ်မှာ ရက်ရှည်စစ်ဘေးရှောင်နေကြရတဲ့ ကျေးရွာ ၁၁ ရွာက လူဦးရေ ၅ ထောင်ကျော်ဟာ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အမိုးအကာနဲ့ ဆေးဝါးတွေ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မနေ့ ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ အိမ်ထောင်စု ၁ ထောင်ကျော်နဲ့ လူဦးရေ ၅‌ ထောင်ကျော်ရှိပြီး သောက်သုံးရေရှားပါးတာကြောင့် ကလေးအများစုက အရေးပြားရောဂါဝေဒနာတွေ ခံစားနေရသလို ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကမှ တာဝန်ခံတစ်ဦးက “လိုအပ်တဲ့ နေရာကတော့ ကျနော်တို့ဘက်ကလည်း စားသောက်‌ရေးအပိုင်းတို့ ကူညီထောက်ပံ့ပေးတာရှိတယ်။ အခုနောက်ပိုင်းက တိမ်းရှောင်နေရတဲ့ ကျေးရွာတွေလည်း ပိုများလာတော့ ကျနော်တို့ဘက်က စားနပ်ရိက္ခာဘဲ အဓိက ထောက်ပံ့နိုင်တော့တယ်။ ကျန်တဲ့ နေထိုင်ရေး အမိုးအကာတွေ လိုအပ်တယ်။ အခု ရှောင်နေရတဲ့နေရာက ရေရရှိဖို့လည်း ခက်ခဲတယ်။ တောင်ကျရေဘဲ အဓိက သုံးတာဆိုတော့ အခု ကလေးတွေ ယားနာဖြစ်ကုန်တာ။ လူကြီးတွေလည်း ဖြစ်တယ်။ အဓိက ကလေးတွေ ပိုဖြစ်တယ်။ အဲကြောင့် ဆေးဝါးနဲ့ ပတ်သတ်ပြီးတော့လည်း အကူအညီလိုအပ်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာနဲ့ စစ်ကြောင်းထိုးလာတာတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေဟာ ကျောက်တံခါးရွာ၊ ကျောက်မဲတောင်ရွာ၊ မျှားပိုင်းရွာ၊ ခင်အေးရွာ၊ အုံးမှင်ရွာ၊ မကျီးကုန်းရွာ၊ ယောကုန်းရွာ၊ နန်းစဥ်ကုန်းရွာ၊ တယ်ပင်ရွာ၊ ထန်းပင်ချောင်းရွာနဲ့ ပလောင်းရွာတွေဘဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး ၎င်းက “ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) ဘက်က နေ့စဉ်စစ်ကြောင်းထိုးတယ်။ ကျေးရွာထဲဝင်တာ လူဖမ်းဆီးသွားတာတွေ ပစ်သတ်သွားတာတွေ ရှိတယ်။ လက်နက်ကြီးတွေ ပစ်တယ်။ အဲဒါကြောင့် ဒေသခံတွေ ရွာထဲမနေရဲတော့ဘဲ နေရပ်စွန့်ခွာနေရတယ်။ အဲဒီရွာ ၁၁ ရွာထဲ ကလရှည် စစ်ရှောင်ရတဲ့ ရွာနှစ်ရွာရှိတယ်။ မျှားပိုင်းရွာနဲ့ ခင်အေးရွာ သူတို့ရွာက (ကပစ ၂၄) တပ်နဲ့ နီးတယ်ဆိုတော့ ၂၀၂၃ ကတည်းက ရှောင်နေရတယ်” လို့ ပြောပါတယ်။

စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ စစ်ကြောင်းထိုးလာမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လကတည်းက နေရပ်ကနေ စွန့်ခွာထွက်ပြေးတိမ်း‌ရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ ပေါက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က နေ့စဉ် စစ်ကြောင်းထိုးတာနဲ့ လေကြောင်းသုံးတိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။