မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကျောက်မဲ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီတပ်က စတင်ခေါ်ယူနေပြီလို့ ကျောက်မဲမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ယူပြီး လာမယ့် ဖေဖော်ဝါရီ တတိယအပတ်မှာ စစ်မှုထမ်းမယ့်သူတွေကို အသင့်ပြင်ထားဖို့ ပြောဆိုခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“စစ်သားစုဆောင်းရေးက မြို့ထဲ (၉) ရပ်ကွက်လုံးက ပထမအကြိမ် (၃) ယောက်ထည့်ရမယ်။ ဖေဖော်ဝါရီ တတိယအပတ်လောက်မှာ အဆင်သင့် လုပ်ထားခိုင်းတယ်လို့ ကြားရတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် ၄ လကျော်အကြာမှာ စစ်မှုထမ်းဖို့ စတင်ခေါ်ယူတာ ဖြစ်ပါတယ်။
တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလထဲမှာ ပြန်လည်သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အလားတူ ၎င်းတို့ ထိန်းချုပ်မှုအောက်ရှိနေတဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ်ထဲက ကျေးရွာအုပ်စုတချို့မှာလည်း စစ်ကောင်စီတပ်က တပ်သားသစ် ခေါ်ယူနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ကောင်စီတပ်က စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် လူငယ်တွေကို အတင်းအဓမ္မ စုဆောင်းတာတွေ ပြုလုပ်နေပြီး အပတ်စဉ် (၁) ခုကို လူအင်အား ၅,၀၀၀ သတ်မှတ်ထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂၀) အထိ ဖွင့်လှစ်ထားပြီး အပတ်စဉ် (၁၉) အထိ သင်တန်းဆင်းထားကာ စစ်အင်အား ၁ သိန်းဝန်းကျင်အထိ ရရှိနေပြီ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။