လွေးဇွန်မိုး၊ ဇန်နဝါရီ ၂ ရက်၊ နမ္မတူ
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့နယ် ဘော်တွင်းကျေးရွာက ရတနာမြေရပ်ကွက်က အမျိုးသားတစ်ဦး အရက်မူးပြီး ရေချောင်းထဲ ပြုတ်ကျသေဆုံးသွားခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် ည ၁၂ နာရီဝန်းကျင်မှာ အသက် ၆၁ နှစ်အရွယ် အမျိုးသားဆိုသူက ဘော်တွင်းချောင်းထဲ ပြုတ်ကျပြီး ပြန်မထနိုင်တာကြောင့် ရေမွှန်းပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“သူက ၂၇ ရက်ညမှာ ကျတာထင်တယ်။ ည ၁၁ နာရီ ၁၂ နာရီလောက်ဖြစ်မယ်။ ၂၈ ရက် ၆ နာရီလောက်ကျတော့ အလောင်းပြန်တွေ့တာ”လို့ ဆိုပါတယ်။
နမ္မတူမြို့နယ် တအာင်းတပ်ရဲ့ ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေက သေဆုံးသူ အမျိုးသားရဲ့ ရုပ်အလောင်းကို သွားရောက်ဆယ်ယူခဲ့ပြီး မိသားစုဝင်ထံ ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်မှာလည်း ဘော်တွင်းနဲ့ နမ္မတူချောင်း ဆုံတဲ့နေရာမှာ သေဆုံးနေတဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးအလောင်းကို တွေ့ရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။