သုတ၊ ဖေဖော်ဝါရီ ၁၈ ရက်
စစ်ကောင်စီလက်အောက်ခံ မိုင်းဟပြည်သူ့စစ် ထိန်းချုပ်နယ်မြေ ရှမ်းမြောက် မိုင်းရယ်မြို့နယ်ထဲမှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ကျားဖြန်တွေကို စစ်ကောင်စီတပ်ဘက်က လားရှိုးမြို့ဘက်ကို ပို့ဆောင်ထားလိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
“ဖေဖော်ဝါရီ ၆ ရက်ကတည်းက လားရှိုးကို ပို့ထားတာ။ မိုင်းရယ်မှာ ထားတာလည်း ဒေသခံတွေပဲ ထမင်းကျွေးရတာလေ။ လုပ်ငန်းရှင်၊ ဆီဆိုင်က လူတွေ သွားကျွေးရတာ” လို့ မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မိုင်းရယ်မြို့နယ်မှာ ဖမ်းဆီးရမိတဲ့ ကျားဖြန်တွေကို စစ်ကောင်စီက လားရှိုးမြို့ထောင်ထဲကို ပို့ဆောင်ထားပြီးနောက် ဘယ်လိုအရေးယူမှုတွေ လုပ်ဆောင်သွားမလဲဆိုတာ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်မှာ စစ်ကောင်စီလက်အောက်ခံ မိုင်းဟပြည်သူ့စစ်ခေါင်းဆောင် ဦးလာဝ်းမား ဦးဆောင်တဲ့ မိုင်းဟကျေးရွာအနီးရှိ ကျားဖြန်ရုံကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ပြီး ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၃၂၁ ဦးနဲ့ တရုတ်နိုင်ငံသူ ၉ ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
မိုင်းရယ်မြို့နယ်ထဲမှာ စစ်ကောင်စီဘက်က ကျားဖြန်တွေကို လိုက်လံဖမ်းဆီးတာ မတွေ့ရတော့ဘဲ လက်ရှိအချိန်အထိ ကျားဖြန်ရုံတွေ ဆက်ရှိနေပြီး အဲဒီဒေသမှာ အခြေစိုက်တဲ့ လက်နက်ကိုင်တွေဘက်က လုံခြုံရေးယူပေးထားတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မိုင်းရယ်မြို့နယ်မှာ စစ်ကောင်စီတပ်အပြင် ၎င်းရဲ့ လက်အောက်ခံ မိုင်းဟပြည်သူ့စစ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP တို့ အဓိက သွားလာလှုပ်ရှားတဲ့ နေရာဖြစ်ပါတယ်။
ဇန်နဝါရီလကစပြီး မိုင်းရယ်နဲ့ သီပေါမြို့နယ်ရှိ မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့ ကျားဖြန်ရုံတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကနေ ၂၂ ရက်အထိ သီပေါနဲ့ မိုင်းရယ်မြို့နယ်မှာ မူးယစ်ဆေးဝါး ထုတ်လုပ်နေတဲ့ နေရာ ၁၃ ခုကို ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။