ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ တာချီလိတ်
ရှမ်းရှေ့ တာချီလိတ်မြို့နယ်က ရေနစ်သေဆုံးသွားခဲ့တဲ့ ကျောင်းသား ၃ ဦးရဲ့ ရုပ်အလောင်းတွေကို ၅ ရက်အကြာမှာ ပြန်တွေ့ခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းနဲ့ ပရဟိတအသင်းတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်မှာ ရေဆော့ရင်း ရေနစ်သေဆုံးခဲ့တဲ့ ကျောင်းသားတွေရဲ့ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းမှာ အသက် ၁၆ နှစ်အရွယ် မောင်ဇင်လင်းဖြိုးနဲ့ မောင်ဖြိုးမင်းသန့်ရဲ့ ရုပ်အလောင်းကို ဒေသတွင်းပရဟိတအဖွဲ့နဲ့ လူမှုကူညီရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်တဲ့ အသက် ၁၆ နှစ်အရွယ် မောင်အောင်ငြိမ်းသူကိုတော့ နေ့လယ် ၂ နာရီ ဝန်းကျင်မှာ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။
၎င်းရုပ်အလောင်းတွေကို တာချီလိတ်မြို့နယ် စံဖူးကျေးရွာရှိ အပန်းဖြေရာ နေရာဖြစ်တဲ့ တာချီလိတ် သဲချောင်း (မဲခေါင်ချောင်း) မှာ တွေ့ရှိခဲ့ပါတယ်။
အသင်းတစ်ခုက “အဲချောင်းက သဲချောင်းဆိုတော့ တော်ရုံနဲ့ မပေါ်လာဘူး။ တော်တော်လေး ခက်ခက်ခဲခဲ ရှာလိုက်ရတယ်” လို့ ပြောပါတယ်။
နွေရာသီကာလ ရောက်တော့မှာဖြစ်တာကြောင့် ဒေသခံတွေ ချောင်းရေ၊ မြစ်ရေသို့ သွားရောက်အပန်းဖြေချိန် ရေထဲဝင်ပါက အသက်ကယ် အင်္ကျီဝတ်ကြဖို့ကိုလည်း ပရဟိတအသင်းတွေက ဆိုပါတယ်။
အလားတူ ဖေဖော်ဝါရီ ၂ ရက်ကလည်း ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့သစ် ရေလှောင်တမံမှာ ရေသွားကူးတဲ့ ၉ တန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။