ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၃ ရက်
ရှမ်းမြောက် တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့ကနေ တရုတ်ပြည် ရွှေလီမြို့ထဲကို အလုပ်လုပ်ဖို့သွားတဲ့ အမျိုးသမီးတစ်ဦးနဲ့ မူဆယ်ကနေ ကွတ်ခိုင်ဘက်ထွက်လာတဲ့ အမျိုးသားတစ်ဦး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရတာကြောင့် အဆက်အသွယ်ပြန်ရလိုကြောင်း မိသားစုဝင်တွေက ရွှေဖီမြေကို ပြောပါတယ်။
အသက် ၁၅ နှစ်အရွယ်ရှိတဲ့ လွေးအေငွေ ဆိုသူဟာ ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ်ကတည်းက တရုတ်ပြည်ဘက်မှာ အလုပ်လုပ်ဖို့ ထွက်သွားရာကနေ တစ်နှစ်ကျော်ကြာတဲ့အထိ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတာကြောင့် စိတ်ပူနေရတယ်လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။
ဖခင်ဖြစ်သူက “အစက သူမူဆယ်မှာဘဲ အလုပ်လုပ်တာ။ အဲနောက် တရုတ်ပြည်ဘက် တက်သွားပြီတဲ့။ သူသွားတာ တစ်နှစ်ကျော်လောက်ရှိပြီ။ သူ့ရဲ့ သူငယ်ချင်းနဲ့ သွားတာ။ သူ့သူငယ်ချင်းက ပြန်လာကြတယ်။ သမီးကို မမေးလိုက်ရဘူး။ သူတို့လာတဲ့အချိန်နဲ့ ကိုယ်မရှိအချိန်ဖြစ်နေတာ။ သမီးက တစ်ခါမှ ပြန်မလာသေးဘူး။ ဆက်သွယ်လည်း မရဘူး။ သူ့သတင်းလည်း မကြားရဘူး” လို့ ပြောပါတယ်။
လွေးအေငွေဟာ နမ့်ခမ်းမြို့နယ် ကောင်းကတ်ကျေးရွာအုပ်စု ဟိုနားရွာမှာ နေထိုင်ပြီး သူငယ်ချင်းဖြစ်သူတွေနဲ့ မူဆယ်မှာ အလုပ်သွားလုပ်ရာကနေတစ်ဆင့် တရုတ်ပြည်ထဲကို ဝင်သွားခဲ့တာ ဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်တုန်းကလည်း မူဆယ်ကနေ ကွတ်ခိုင်ဘက်ကို ဆိုင်ကယ်နဲ့ ဆင်းလာတဲ့ အသက် ၁၈ နှစ်အရွယ် နော်နော်ဆိုသူနဲ့လည်း မိသားစုဝင်တွေက အဆက်အသွယ်မရကြောင့် ရွှေဖီမြေကို ပြောပါတယ်။
“၁၈ ရက်ကတည်းက သူထွက်သွားတာ။ သူထွက်သွားတဲ့ ရက်က ပြောလာတယ်။ ကွတ်ခိုင်ရောက်ပြီတဲ့။ အဲနောက်မရတော့ဘူး။ အခုထိဘဲ။ အိမ်က သူကိုစိတ်ပူနေတာ။ အမြန်ဆုံး အိမ်ကို ဆက်သွယ်လာစေချင်တယ်” လို့ ပြောပါတယ်။
လွေအေငွေနဲ့ နော်နော်ရဲ့ သတင်းအစအနကို ဒီနေ့ ဒီချိန်ထိ မကြားသိရသေးတာကြောင့် မိသားစုဝင်တွေက စိတ်ပူနေပြီး ၎င်းတို့နှစ်ဦးကို တွေ့ရှိသူတွေအနေနဲ့ နော်နော်ရဲ့ မိသားစုဝင် ဖုန်း – 09 400 967 471 နဲ့ လွေးအေငွေရဲ့ မိသားစုဝင် ဖုန်း – 09 679 699 606 ထံသို့ ဆက်သွယ်အကြောင်းကြားပေးဖို့ကို မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။