ဝတ်ရည်၊ ဖေဖော်ဝါရီ ၂၀ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ စျေးကနေ ပြန်လာတဲ့ အမျိုးသမီး ၁ ဦးက အမျိုးသား ၃ ဦးရဲ့ သေနတ်ထောက် ဓားပြတိုက်တာ ခံခဲ့ရတယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းအချိန်မှာ လားရှိုးမြို့က စျေးကနေပြန်လာတဲ့လမ်းမှာ crown အဖြူ စီးလာတဲ့ အမျိုးသား ၃ ဦးရဲ့ ဓားပြတိုက်တာကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။
“သူဆွဲထားတဲ့ ဆွဲကြိုးနဲ့ လက်စွပ်ပါသွားတာ။ ဖုန်းကလည်း IPhone အဲဒါလည်း ပါသွားတာ။ အဲဒီဓားပြတွေ သူ့ကို ဘာမှမလုပ်တာတင် ကံကောင်းနေပြီ။ သေနတ်က အတိုတွေပဲ ကိုင်ထားကြတာတဲ့”
လားရှိုးမြို့မှာ လုယက်မှုနဲ့ ဓားပြတိုက်မှုတွေ မကြာခဏဖြစ်ပွါးနေပေမဲ့ စစ်ကောင်စီတပ်ဘက်က တရားခံတွေကို ဖမ်းဆီးမိတာမျိုး မရှိဖူးဘူးလို့ နောက်ထပ်လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“လုယက်မှုဖြစ်တာက မကြာခဏဖြစ်နေတာ။ လိုင်းပေါ်မတက်တာပဲ ရှိတာပါ။ တချို့ကျတော့ သက်ဆိုင်ရာဌာနကို တိုင်ကြားထားပေမဲ့ အရေးယူပေးနိုင်တာမှ မရှိတာ။ တချို့ကျ မတိုင်ပဲ ဒီတိုင်းနေတာပါ။ ပိုင်ရှင်မဲ့အလောင်းဆိုလည်း ခဏခဏတွေ့နေရတာပဲလေ”
အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ လာရှိုးမြို့ ရပ်ကွက်(၄)ထဲက ရွှေလုပ်ငန်း လုပ်ကိုင်တဲ့ အိမ်တစ်အိမ်ကို အမည်မသိ အမျိုးသား ၆ ဦးက ဝင်ရောက်ကာ ဓားပြ တိုက်ခဲ့ပြီး ရွှေ ၅ ပိဿာ ပါသွားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ လဆန်းပိုင်းကနေ ဇန်နဝါရီ တတိယပတ်အထိ လားရှိုးမြို့တွင်းမှာ ကား ၅ စီးထက်မနည်း ခိုးယူခံရပြီး လက်ရှိအချိန်ထိ ကားခိုးယူသူတွေကိုလည်း ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးမြို့ကို စစ်တပ် ပြန်ထိန်းချုပ်ပြီးနောက် လောင်းကစားဝိုင်း ပေါများလာသလို မူးယစ်ဆေးဝါး သုံးစွဲသူတွေလည်း များလာပြီး အခုလို ခိုးဆိုးလုယက်တာတွေ ပိုများလာတယ်လို့ မြို့ခံတွေက ရွှေဖီမြေကို ပြောဆ်ိုဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။