နော်ဂျား၊ ဇန်နဝါရီ ၂၀ ရက်၊ မူဆယ်
စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဟိုနားရပ်ကွက် မြို့ရှောင်လမ်းရှိ 68Spa အမည်ရှိ အနှိပ်ခန်းတစ်ခုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ရက် ည ၁၀ နာရီခွဲအချိန်ခန့် အလုပ်သမားဖြစ်တဲ့ တအာင်းလူမျိုး အမျိုးသမီးတစ်ဦးဟာ ဆိုင်လာတဲ့ တရုတ်လူမျိုးတစ်ဦးနဲ့ မအိပ်ပေးလို့ဆိုပြီး ဆိုင်မန်နေဂျာက အခန်းပိတ် ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွါးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
အခန်းပိတ် ရိုက်နှက်နေတာကို ရဲတပ်ဖွဲ့က အရေးယူပေးခြင်းမရှိဘဲ မနေ့ ဇန်နဝါရီ ၁၉ ရက်နေ့မှသာ ပြည်သူ့စစ်တစ်ဦးရဲ့ အကူအညီနဲ့ အဲဒီအမျိုးသမီး ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“အဲဒီ မိန်းကလေးဒုက္ခရောက်နေတာကို ကူညီပေးပါ။ မကူညီရင် အကုန်သိအောင် လုပ်ပစ်မယ်။ နည်းနည်းကြာလို့မှ မလွှတ်ပေးရင် အဲလိုအဖြစ်မျိုး ကြုံရလိမ့်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်” လို့ ကူညီပေးတဲ့ ကာယကံရှင် ပြည်သူ့စစ်တစ်ဦးနဲ့ နီးစပ်သူက ရွှေဖီမြေကို ပြောပါတယ်။
အဲအမျိုးသမီးဟာ ဇန်နဝါရီ ၁၉ ရက် နေ့လည် ၁၁ နာရီမှာတော့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး သူနဲ့အတူ အဲအနှိပ်ခန်းကနေ ထပ်မံထွက်ပြေးလာတဲ့ အခြားအမျိုးသမီး ၂ ဦးတို့ကို အမည်မဖော်လိုတဲ့ သစ်သီးပွဲရုံသူဌေးက လမ်းစားရိတ် (၅) သိန်းနဲ့ လုပ်ကိုင်စားသောက်ရန် သိန်း (၅၀)၊ ပြည်သူ့စစ်အဖွဲ့တစ်ခုကလည်း သိန်း (၃၀) စုစုပေါင်း ကူညီထောက်ပံ့ငွေ (၁၀၃) သိန်းရရှိခဲ့တယ်လို့ ဆိုပေမယ့် အဓိက နှိပ်စက်ခဲ့တဲ့ အနှိပ်ခန်းနဲ့ ဆိုင်မန်နေဂျာကိုတော့ အရေးယူတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
အဆိုပါအမျိုးသမီး ဖမ်းဆီးနှိပ်စက်တဲ့ သတင်းတက်လာစဉ်က အနှိပ်ခန်း၊ ပြည့်တန်ဆာရုံ၊ KTV နဲ့ လောင်းကစားရုံတွေ ခေတ္တပိတ်ထားပေမယ့် လက်ရှိမှာတော့ အကုန် ပြန်ဖွင့်နေပြီဖြစ်ကြောင်း စုံစမ်းသိရပါတယ်။
မူဆယ်မှာ အနှိပ်ခန်း၊ ကျားဖြန်ရုံ၊ ပြည့်တန်ဆာရုံနဲ့ KTV အများအပြားရှိနေပြီး သူတို့တွေဟာ ဌာနဆိုင်ရာတွေကို လိုင်းကြေးပေးထားကြတာဖြစ်ပြီး အဲလုပ်ငန်းမှာ အမျိုးသမီးတွေအပေါ် နှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေလည်း မကြာခဏဖြစ်ပွါးနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။