လွေးဇွန်မိုး၊ ဇန်နဝါရီ ၃၀ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ မန်ဆူဘုရားအနီးက Happy Time အရှေ့မှာ ကျောင်းဆရာမတစ်ဦးက ကားတိုက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက် ညနေ ၃ နာရီဝန်းကျင်မှာ လာရှိုးမြို့ ရပ်ကွက် (၁၂) မန်ဆူရှမ်းရွာအဝင်က Happy Time ရှေ့မှာ ကားတစ်စီးက ဆိုင်ကယ်စီးလာတဲ့ အသက် ၃၀ နှစ်အရွယ်ရှိတဲ့ မမေသဇင်ဖူးမြင့်ကို ဝင်ချိတ်မိရာ အနောက်ကနေလာတဲ့ ကားတစ်စီးက သူ့ကို တက်ကြိတ်သွားခဲ့တာလို့ ပြောပါတယ်။
“ညနေ ကျောင်းဆင်းချိန်အပြန်မှာ ကားတစ်စီးက သူ့ကို ချိတ်မိသွားလို့ သူလှဲသွားချိန်မှာပဲ နောက်တစ်စီးက သူ့ကို တက်ကြိတ်သွားတာ။ အဲမှာပဲ ပွဲချင်းသေသွားတာ။ ကားသမားတော့ အဲလိုတိုက်ပြီး ကားနဲ့ ထွက်ပြေးသွားတယ်”
သေဆုံးသွားတဲ့ ကျောင်းဆရာမဟာ လာရှိုးမြို့ အထကခွဲ အ.လ.က (၇) ကျောင်းက ကျောင်းဆရာမဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ဆရာမကို တိုက်သွားတဲ့ ကားသမားဟာ လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ (၂၆) ရက် ညနေ (၆) နာရီခွဲဝန်းကျင်မှာလည်း လားရှိုးမြို့ ရပ်ကွက် (၇) ရှိ အခြေခံပညာ အထက်တန်းကျောင်း အမှတ် (၂) အနီးမှာ မူးယစ်ဆေးကြောင်ပြီး မောင်းနှင်လာတဲ့ ကားတစ်စီးက ဆိုင်ကယ်တွေနဲ့ တိုက်မိလို့ ၂ ဦး ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။