ပို့လဘား၊ ဖေဖော်ဝါရီ ၂ ရက်၊ လာရှိုး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လာရှိုးမြို့က ရွှေလုပ်ငန်း လုပ်ကိုင်တဲ့ နေအိမ်တစ်အိမ်မှာ ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာ ပါသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ လာရှိုးမြို့ ရပ်ကွက် (၄) ရှိ ရွှေလုပ်ငန်းလုပ်ကိုင်တဲ့ အိမ်တစ်အိမ်ကို အမည်မသိအမျိုးသား ၆ ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။
“အသတ်ခံရတဲ့ ဘုန်ကြီးကျောင်းရဲ့ အနောက်ဘေးကပဲလေ။ တရားနာတဲ့အချိန်မှာပဲ ဖြစ်သွားတာ။ အဲအိမ်က ရွှေဆိုင်ဖွင့်တာ မဟုတ်ဘူး။ ရွှေဆိုင်ဖွင့်တာ မဟုတ်ပေမယ့် ရွှေဆိုင်တွေအကုန်လုံးက သူ့ဆီပဲ အော်တာအကုန်အပ်တာလေ။ ပင်မလို ဖြစ်နေတာပေါ့။ အဲမှာ ရွှေထည်ကုန်ချောတွေ လုပ်နေတာ။ ပြီးတော့ ရွှေတွေအပေါင်ခံထားတဲ့အိမ်လို့ ပြောရမှာပေါ့။ ရွှေ ၅ ပိဿာနဲ့ ပိုက်ဆံပါသွားတယ်”
ဓားပြတိုက်သွားတဲ့ အဲဒီအမျိုးသား၆ ဦးကိုတော့ လက်ရှိအချိန်ထိ ဖမ်းမိတာ မရှိသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကနေ ဇန်နဝါရီ တတိယအပတ်အထိ လားရှိုးမြို့တွင်းမှာ ကား ၅ စီးထက်မနည်း အခိုးယူခံရပြီး လက်ရှိအချိန်အထိ ကားခိုးယူသူတွေကိုလည်း ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
အလားတူ ဖြစ်စဉ်မျိုး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်ကလည်း လာရှိုးမြို့ ရပ်ကွက် ၉ က ဘူတာသံလမ်းအနီးရှိ ရွှေဆိုင် ၁ ဆိုင်ဟာ ဓားပြတိုက်ခံရပြီး ငွေ သိန်း ၂၀၀ နဲ့ ရွှေ ၇၅ ကျပ်သား ပါသွားခဲ့တယ်လို့ သိရပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ပြီးနောက် လောင်းကစားဝိုင်းတွေ ပေါများလာသလို မူးယစ်ဆေးဝါး သုံးစွဲသူတွေလည်း များလာပြီး အခုလို ခိုးဆိုးလုယက်တာတွေ ပိုများလာတယ်လို့ မြို့ခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။