သုတ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကျောက်မဲ
ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု နားမွန်းကျေးရွာမှာ မနေ့ ဖေဖော်ဝါရီ ၄ ရက်က ထော်လာဂျီတစ်စီး တိမ်းမှောက်မှုဖြစ်ပြီး ဒေသခံ ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“သူတို့စီးလာတဲ့ ထော်လာဂျီ မှောက်သွားတာ။ နှစ်ယောက်လုံး ပွဲချင်းပြီး ဆုံးသွားတယ်။ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဆုံးတာ” လို့ ဖြစ်စဥ်သိရှိသူ ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သေဆုံးသွားသူ ၂ ဦးဟာ နားမွန်းကျေးရွာက ဒေသခံတွေဖြစ်ပြီး ကျောက်မဲအခြေစိုက် ပရဟိတအဖွဲ့က ၎င်းတို့ရဲ့ အလောင်းကို သွားရောက်သယ်ယူပေးခဲ့တယ်လို့ ၎င်းက ဆက်ပြောပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှာလည်း ရှမ်းမြောက် မူဆယ်မြို့နယ် (၁၀၅) မိုင်မှာ သဲတင်ကားတစ်စီး တိမ်းမှောက်ပြီး ၂ ဦး သေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွင်း ယာဥ်မတော်တဆမှုကြောင့် သေဆုံးသူ ၁,၇၃၅ ဦး ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၄,၆၇၆ ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းအရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။