တောင်းခမ်းမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ ၆ လကျော်တဲ့အထိ တိုက်ပွဲ ဆက်ဖြစ်နေ

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နဲ့ မိုင် ၂၀ ခန့် ကွာဝေးတဲ့ တောင်းခမ်းရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား ၆ လကျော်တဲ့အထိ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၂၅၀ ဦး သေဆုံး

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နိုင်ငံတစ်ဝှမ်းမှ ကလေးငယ် ၂၅၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က မနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ညောင်ရွှေမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီး‌ကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရ

ရှမ်းတောင် ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲလို့ KNU ထိန်းချုပ်နယ်မြေက ဒေသခံ ၃ ဦး ထိမှန်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး- KNU/KNLA ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင် ကျိုက်ထိုမြို့မှာ တိုက်ပွဲ ဖြစ်ပွားတာမရှိပဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၃ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ KNU က မနေ့ ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ကောင်စီရဲ့ နောက်ဆုံး လက်ကျန်တပ်စခန်းကို ကရင်နီတပ်မတော် တိုက်ခိုက်သိမ်းပိုက်

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ကောင်စီရဲ့ နောက်ဆုံး လက်ကျန်တပ်စခန်းဖြစ်တဲ့ ပွိုင့် ၅၄၁၆ (စစ်ဆင်ရေး ခြေကုပ်စခန်း)ကို ကရင်နီ တပ်မတော်- KA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KA အမှတ် ၅ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို အတည်ပြုပါတယ်။

ဒီးမော့ဆို အနောက်ခြမ်းရှိ စာသင်ကျောင်းနဲ့ဆေးပေးခန်း လေကြောင်းနဲ့ တိုက်ခိုက်ခံရ

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စာသင်ကျောင်းနဲ့ ဆေးပေးခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ညောင်ရွှေမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးအပါအဝင် အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်းတောင် ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်‌အရေးလှုပ်ရှားသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်မှုထမ်း အကျုံးဝင်သူတွေကို မူဆယ်ကနေ တရုတ်ပြည်ဘက် ဝင်ရောက်ဖို့ ကန့်သတ်လိုက်ပြီ

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့ကနေ တရုတ်ပြည်ဘက် သွားရောက် အလုပ် လုပ်ကိုင်သူထဲက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက်ကစပြီး ဝင်ထွက်ခွင့် ကန့်သတ်ထားတယ်လို့ ‌မူဆယ်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ညောင်ရွှေမြို့နယ်ရှိ ပအိုဝ်းလူငယ် ၈၀၀ ကျော်ကို ပအိုဝ်းပြည်သူ့စစ်က အခြေခံ စစ်သင်တန်း ပေး၊ စစ်သင်တန်း တက်ထားတဲ့ လူငယ်တွေ အလှည့်ကျ ကင့်စောင့်ပေးရမယ်လို့ဆို

ရှမ်းတောင် ညောင်ရွှေမြို့နယ်ရှိ ပအိုဝ်းလူငယ် ၈၀၀ ကျော်ကို ပအိုဝ်းပြည်သူ့စစ်- PNO က အခြေခံ စစ်သင်တန်း ပေးထားပြီး စစ်သင်တန်း တက်ထားတဲ့ လူငယ်တွေအနေနဲ့ အလှည့်ကျ ကင့်စောင့်ပေးရမှာ ဖြစ်ပါတယ်။

သိန္နီ ဆိုင်းခေါင်ရွာခံတွေ စိုက်ထားတဲ့ ၁ ဧကခန့်ရှိ ဘိန်းခြံကို TNLA သွားရောက်ဖျက်ဆီး (Edit- 10:17 PM)

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့နယ် ဆိုင်းခေါင်ရွာက ရွာခံတွေ ခိုးစိုက်တဲ့ ၁ ဧကဝန်းကျင်ရှိတဲ့ ဘိန်းခြံကို TNLA က သွားရောက် ဖျက်ဆီးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။