စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်က အရပ်သား ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က မနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စုနေ့မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုကြောင့် မြောက်ဦးနဲ့ ကျောက်တော်က ဒေသခံ ၇ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ

အာရက္ခတပ်တော် – AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နဲ့ ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့် ဒေသခံ ၇ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီပဲယင်းက ဘုတ္ထန်းရွာ လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသား ၁ ဦး သေဆုံးပြီး နေအိမ် အလုံး ၃၀ နီးပါး ပျက်စီး

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က ဘုတ္ထန်းရွာဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး နေအိမ် အလုံး ၃၀ နီးပါး ပျက်စီးတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကျောက်မဲမှာလည်း စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ စတင်ခေါ်ယူနေပြီလို့ ဒေသခံတွေ ပြော

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီတပ်က စတင်ခေါ်ယူနေပြီလို့ ကျောက်မဲမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းငေါ့မှာ တအာင်းပြည် ကျန်းမာရေးကောင်စီမှ ၅ နှစ်အောက်ကလေး ၂ ရာနီးပါးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့မှာ တအာင်းပြည် ကျန်းမာရေးကောင်စီ (THC) က ၅ နှစ်အောက် ကလေး ၂ ရာနီးပါးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

လားရှိုးမှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က စစ်ဆေးမှုတွေ တင်းကြပ်လာ

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က စစ်ဆေးမှုတွေ တင်းကြပ်လာတယ်လို့ လားရှိုးမြိုခံတွေနဲ့ ခရီးသွားတွေက ရွှေဖီမြေကို ပြောပါတယ်။

မောက်မယ်မြို့နယ်ထဲက ကျေးရွာတွေကို PNO အဖွဲ့က အသေခံဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် နေအိမ် ၂၀ ကျော် ပျက်စီး

ရှမ်းတောင် မောက်မယ်မြို့နယ်ထဲက ကျေးရွာ ၃ ရွာထဲကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ လက်အောက်ခံတပ်တဲ့ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့က လက်နက်ကြီးနဲ့ အသေခံဒရုန်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းတစ်လုံး ခုတ်မိရာကနေ ပေါက်ကွဲပြီး ၁၀၅ မိုင်က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ မိုင်းကို ဓားနဲ့ ခုတ်မိရာကနေ ပေါက်ကွဲလို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မော်လမြိုင်နဲ့ ရန်ကုန် ပြည်ထောင်စုလမ်းမပေါ် ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်တဲ့ ခရီးသွားတွေက ရဲစခန်းနဲ့ မှတ်ပုံတင် ထောက်ခံစာပါရင် သွားလာနိုင်ကြောင်း ယာဉ်လိုင်းတွေ ပြော

မွန်ပြည်နယ် မော်လမြိုင်‌ – ရန်ကုန် ပြည်ထောင်စုလမ်းမပေါ် ခရီးသွားတဲ့ လူထုတွေထဲမှာမှ ၁၃ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်တဲ့ လူထု‌တွေလည်း ရဲစခန်းနဲ့ ရပ်ကွက်ထောက်ခံစာပါရင် လွတ်လပ်စွာ သွားလာလို့ရကြောင်း ယာဉ်လိုင်းတွေက ပြောဆိုထားတယ်လို့ ခရီးသည်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မြောင်မြို့နယ်က ဇရပ်ကုန်းကျေး‌ရွာကို လေကြောင်းကနေ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်လို့ အရပ်သား ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဇရပ်ကုန်းကျေး‌ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် TGR မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။