By မိုင်းဇူလိုင်၊ ရွှေဖီမြေ
“သေနတ်သံ မပြောနဲ့ ဗျောက်သံ ကြားရင်ကို ကြောက်တယ်”
ဗျောက်ဖောက်သံ ကြားရင်ကို ကြောက်လန့်တယ်လို့ ပြောတဲ့သူကတော့ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ နေထိုင်သူ မအိုင်ဆိုတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးပါ။
တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားတာကို ၃ ကြိမ် ကြုံခဲ့ဖူးတဲ့ သူမဟာ ၃ ကြိမ်စုလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို အသိမိတ်ဆွေနဲ့ ဆွေမျိုးတွေကိုလည်း ဆုံးရှုံးခဲ့ရဖူးပါတယ်။
“အခုချိန်ထိ အသံ ကျယ်ကျယ်လောင်လောင် ကြားရင်ကို ရင်တုန်တယ်။ လေယာဉ်သံ ကြားရင်လည်း ကြောက်ပြီး အပြင်တောင် မထွက်ရဲဘူး တော်ကြာ လေယာဉ်နဲ့ ဗုံး လာကြဲမယ်ဆိုပြီး စိုးရိမ်စိတ်တွေ ဖြစ်တယ်ပေါ့နော်။ ပြီးရင် ဘေးကင်းလုံခြုံတဲ့နေရာ ရှာပြေးပြီး ပုန်းတာတွေ ရှိတယ်”
လက်နက်ကိုင် ပဋိပက္ခဒဏ် မကြာခဏ ခံစားနေရတဲ့ ဒီဒေသက အမျိုးသမီးတွေဟာ နေ့စဉ် မိသားစုရဲ့ စားဝတ်နေရေးကို ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်နေရပြီး နှစ် ၇ဝ ကျော်ကြာ မပြီးဆုံးနိုင်သေးတဲ့ စစ်ပွဲတွေကြောင့်လည်း စိတ်ကျန်းမာရေးဆိုင်ရာပြဿနာကို ကြုံနေရပါတယ်။
“ဒီမြန်မာနိုင်ငံထဲမှာနေတဲ့ လူတိုင်းကတော့ အနည်းနဲ့အများ စိတ်ကျန်းမာရေးပြဿနာ ဖြစ်ကြမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီမြန်မာနိုင်ငံထဲမှာ အသက်ရှင်ဖို့တောင် မနည်းရုန်းကန်ရတယ်ဆိုတော့ ဘယ်နေ့ဘာဖြစ်မလဲဆိုတာ ကြိုမသိနိုင်တဲ့ ခေတ်ကာလထဲ ရှင်သန်ရတာ လူတိုင်းနီးပါး စိတ်ကျန်းမာရေးပြဿနာ ကြုံရမယ်လို့ထင်ပါတယ်” ဆိုပြီး မအိုင်က ပြောပါတယ်။
ရွှေဖီမြေက မှတ်တမ်းတင်ထားတဲ့ အချက်အလက်အရ ကွတ်ခိုင်မြို့နယ်ထဲ အာဏာသိမ်း စစ်တပ်နဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်တို့အကြား လွန်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ်ကစပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ကွတ်ခိုင်မြို့နယ်ထဲ ၂ဝ၁၁ ကနေ ၂ဝ၂၆ ခုနှစ်အထိ ၁၅ နှစ်ခန့်ကာလအတွင်း တိုက်ပွဲ နှစ်စဉ် ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲ ဖြစ်လိုက်တိုင်း စစ်ဒဏ်ကို အများဆုံး ခံစားနေရသူတွေဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေပဲ ဖြစ်ပါတယ်။ ကွတ်ခိုင်မြို့နယ်ထဲ ရှိနေတဲ့ စစ်ရှောင်စခန်း ၁ဝ ခုကျော်မှာလည်း အမျိုးသမီးနဲ့ကလေးငယ်တွေ အများဆုံး ဖြစ်ပါတယ်။
နှစ်စဉ် စစ်ဒဏ်နဲ့အတူ ဖြတ်သန်းခဲ့ရတဲ့ ကွတ်ခိုင်ဒေသက အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့စိတ်ထဲ အကြောက်တရားတွေ ရှိနေခဲ့တာ ဆယ်စုနှစ်ကျော်တဲ့အထိ ကြာမြင့်ခဲ့ပါပြီ။
လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုအပြင် တိုက်ပွဲ နောက်ဆက်တွဲမှာ ကြုံတွေ့ရလေ့ရှိတဲ့ မြေမြှုပ်မိုင်း၊ စစ်လက်နက် အကြွင်းအကျန်ကြောင့် ဒေသခံလူထု ထိခိုက်သေဆုံးမှုကလည်း နှစ်စဉ် ရှိနေပါတယ်။
တိုက်ပွဲ ဖြစ်လိုက်တိုင်း အာဏာသိမ်း စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်မှုကိုပါ အသုံးပြုလေ့ ရှိတာကြောင့် ဒီဒဏ်ကို ဒေသတွင်းရှိ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အလူးအလဲ ခံစားနေကြရပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA ပြင် TNLA နဲ့ ကိုးကန့်တပ်- MNDAA တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ၂ ကြိမ်မှာ လားရှိုးနဲ့ ကွတ်ခိုင်မြို့နယ် ပန်ကူရွာဟောင်းဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ကလေးမိခင်လည်း ရှိပါတယ်။
သူကတော့ ကွတ်ခိုင်မြို့အနီးက ကျေးရွာတစ်ရွာမှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး မာသိန်းပါ။
“ပထမအကြိမ် ပြေးတာက မီးတွင်း ၅ ရက်ဘဲ ရှိသေးတယ်။ ဒုတိယအကြိမ် အဝေးမပြေးနိုင်တော့လို့ပါ။ ငွေကြေးလည်း မရှိလို့ မြို့ဘက် မရှောင်နိုင်ခဲ့ဘူး။ အသိမိတ်ဆွေတွေ ဆုံးရှုံးတာတော့ ကြုံခဲ့ရတယ်”
စစ်ပွဲတွေဟာ ဒေသတွင်း နေထိုင်ကြတဲ့ အမျိုးသမီးတွေအတွက်တော့ စိုးရိမ်ကြောက်လန့်ဖို့ကောင်းတဲ့ အိမ်မက်ဆိုးတစ်ခုလို့ပြောရင် မမှားပါဘူး။
“တိုက်ပွဲဖြစ်ချိန် လက်နက်ကြီးအသံ ကြားနေရတယ် ကြောက်တယ်။၊ ဘာဆိုဘာမှ လုပ်လို့ကိုင်လို့ မရတော့ဘူး ကတုတ်ကျင်းထဲလည်း မနေရဲဘူး။ အခုချိန်ထိ အသံ အကျယ်ကြီး ကြားရင် တိတ်လန့်နေတုန်း၊ သွေးနုသားနုနဲ့ ထိတ်လန့်ခဲ့ရလို့ ကြောက်နေတာက ရောဂါတစ်ခုလို ကပ်ပါလာတာ” ဆိုပြီး သူမက ပြောပါတယ်။
ဆက်လက်ပြီး မာသိန်းက “တိုက်ပွဲ ပြန်ဖြစ်မယ်လို့ ကောလဟာလ ကြားနေရရင် ကလေးငယ်နဲ့ဆိုတော့ ပိုကြောက်။ ဘယ်ပြေးရမလဲ မသိတော့ဘူး။ အခုထိ တစ်ရက်တစ်လုံး နှလုံးအားကောင်းဆေး သောက်နေရတာ”
စစ်ပဋိပက္ခဒဏ် မကြာခဏ ကြုံတွေ့နေရတဲ့ လူထုတွေဟာ တိုက်ပွဲ ဖြစ်ပွားတဲ့အသံ ဒါမှမဟုတ် လေယာဉ်နဲ့ ဗုံးကြဲတဲ့အသံသာမက တခါတလေ ကျယ်လောင်တဲ့အသံတွေ ကြားရင်ကို စိတ်ထဲ စိုးရိမ်ကြောက်လန့်မှုကို ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။
အခုလို စိုးရိမ်ကြောက်လန့်မှုဒဏ်ကို ဒေသတွင်းရှိ အမျိုးသမီးနဲ့ ကလေးငယ်တွေက အများဆုံး ခံစားနေရပြီး စိတ်ကျန်းမာရေးဆိုင်ရာပြဿနာကိုလည်း ရင်ဆိုင်နေရတာပါ။
မြို့တွင်းထဲ အာဏာသိမ်းစစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ ၂ဝ၂၄ ဇန်နဝါရီလ ပထမအပတ်တုန်းကလည်း အမျိုးသမီးအများစုဟာ စိုးရိမ်ထိတ်လန့်မှုနဲ့အတူ သေနတ်သံတွေကြား ခက်ခဲစွာ ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီကာလတုန်းက TNLA က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာပါ။
အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ကာလ ကလေးမီးဖွားပြီးကာလမှာ စိတ်ကျန်းမာရေး ပိုပြီးတော့ ထိလွယ်ရှလွယ်တဲ့အတွက် အဲဒီအချိန်မှာတော့ ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ကြောင်း စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ လင်းလူက ပြောပါတယ်။
စစ်ဒဏ်သင့်ဒေသဖြစ်တဲ့ ကွတ်ခိုင်မြို့နယ်ထဲက အမျိုးသမီးတွေဟာ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေ ခံစားနေရတယ်ဆိုတာကို မိမိကိုယ်မိမိ မသိကြပါဘူး။
စိတ်ကျန်းမာရေးပြဿနာ ရှိနေပြီ ဖြစ်နေပြီဆိုတာကို ဘယ်လိုအခြေအနေတွေကြောင့် သိနိုင်ပါသလဲ။ ဒေါက်တာ လင်းလူက အခုလို ရှင်းပြထားပါတယ်။
“ကျနော်တို့ ပုံမှန် နေ့တဓူဝ ကြုံတွေ့နေရတဲ့ ခံစားနေရတဲ့ လက္ခဏာတွေပါပဲ။ ပြောရမယ်ဆိုရင် စိတ်ကျတယ်ဆိုရင် စိတ်ညစ်တယ် အိပ်မရဖြစ်တယ် တခါတလေကျရင် စားချင်သောက်ချင်စိတ်တွေ ပျောက်တယ်။ တခါတလေ လက်လျှော့ချင်လာတယ် တခါတလေကျတော့လည်း သေသွားလဲ ကောင်းတာပဲ အေးတာပဲဆိုပြီးတော့ တွေးမိတတ်တာမျိုးတွေ ရှိတယ်”
“ပထမတစ်ချက် ကိုယ်ခံစားရတဲ့ဟာတွေက ကိုယ့်ရဲ့ နေ့တဓူဝ လုပ်ငန်းဆောင်တာတွေကို ကိုယ်မလုပ်နိုင်တော့ဘူး ပျက်ကွက်မှု ရှိလာတယ်။ နောက်တစ်ချက်ကတော့ ဆေးပညာအရ ကြည့်လိုက်တာနဲ့ အရမ်းကို သိသာတဲ့ဟာမျိုး ဖြစ်နေပြီဆိုရင် စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုခု ရှိနေနိုင်တယ်ဆိုတာကို သတိထားလို့ ရတယ်ပေါ့”
ဒါပေမဲ့ စိတ်ကျန်းမာရေးဆိုင်ရာပြဿနာကို ရင်ဆိုင်နေရပေမဲ့ သူတို့တွေအတွက် ကုစားပေးမယ့်သူနဲ့ အဖွဲ့အစည်းက မရှိတဲ့အခြေအနေ ကြုံတွေ့နေရကြောင်း အထက်ပါ အမျိုးသမီး ၂ ဦးက ပြောပါတယ်။
ဒေါက်တာ လင်းလူက “စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ပေးတဲ့ ဝန်ဆောင်မှု မရှိဘူးဆိုရင် ကုသမှု ခက်ခဲသွားတယ်ပေါ့နော်။ ဒါပေမဲ့ စိတ်ကျန်းမာရေးဆရာဝန် မဟုတ်တဲ့ ဆရာဝန်ဖြစ်ဖြစ် နောက်ဆုံး ကျန်းမာရေးဝန်ထမ်းတွေ အဲလောက်အထိကို ကျနော်တို့ အသုံးပြုလို့ရတဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကုသတဲ့ လမ်းညွှန်ချက်တွေ ရှိတယ်” ဆိုပြီး ရှင်းပြပါတယ်။
စိတ်ကျန်းမာရေးဆရာဝန် မရှိတဲ့နေရာမှာ ကုသဖို့အတွက် ထုတ်ထားတဲ့ လမ်းညွှန်ချက်နဲ့ပတ်သက်တဲ့ သင်တန်းတွေ ရထားတယ်ဆိုရင် ရပ်ရွာဒေသမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လည်း စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ စောင့်ရှောက်မှုတွေ အနည်းနဲ့အများ ပေးနိုင်ကြောင်း ဒေါက်တာ လင်းလူက ဖြည့်စွက်ပြောကြားပါတယ်။
စိတ်ကျန်းမာရေးပြဿနာ ရှိလာပြီဆိုရင် ကုသမှု ခံယူဖို့ လိုအပ်ကြောင်းလည်း ဒေါက်တာက ပြောပါတယ်။
“ရုပ်ပိုင်း စိတ်ပိုင်း လူမှုရေးကဏ္ဍ အလုပ်အကိုင် စသဖြင့် ကျနော်တို့ ဒီဟာတွေမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့လိုတယ်။ ပြီးရင် စိတ်ဖိစီးမှုတွေကို ထိန်းချုပ်မယ် လျှော့ချမယ်ပေါ့နော်။ စိတ်ဖိစီးမှုဆိုတာကတော့ လုံးဝ မရှိဘဲ နေလို့ရမှာတော့ မဟုတ်ဘူး ကြုံမှာဘဲ။ အဲလိုဖြစ်လာရင် ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို အနည်းဆုံးဖြစ်အောင် လုပ်ရမှာပေါ့နော်။ ပတ်ဝန်းကျင်ကို ကောင်းတဲ့ဘက်ကနေ ပြန်ကြည့်နိုင်ဖို့ နေထိုင်သင့်တာပေါ့”
၂ဝ၂ဝ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း- WHO က ထုတ်ပြန်တဲ့ အချက်အလက်အရ မြန်မာနိုင်ငံမှာ စိတ်ကျန်းမာရေး အထူးကုဆရာဝန် ၁၁၇ ဦး ရှိပါတယ်။
လက်ရှိမှာတော့ ခန့်မှန်းခြေ စိတ်ကျန်းမာရေး ဆရာဝန် ၁၆ဝ ဦးဝန်းကျင်ရှိပြီး ထက်ဝက်ခန့်က လုပ်ငန်းခွင်ထဲ ပြန်မဝင်ကြဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ CDM ထဲ ပါဝင်နေကြကြောင်း ဒေါက်တာ လင်းလူက ပြောပါတယ်။
စိတ်ကျန်းမာရေးဆိုင်ရာ ကုသမှု ပေးနိုင်တဲ့ ဆရာဝန် အလွန် နည်းပါးတာကြောင့် မြန်မာမှာ လူဦးရေ ၁ သိန်းအတွက် ဆရာဝန် ၁ ဦးတောင် မရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
ရှမ်းမြောက်မှာတော့ ၂ဝ၂၅ ခုနှစ် ဇွန်လကနေ ၂ဝ၂၆ မတ်လအထိ အမျိုးသမီး ၁,၅၅၆ ဦး၊ အမျိုးသား ၄၂၃ ဦး စုစုပေါင်း ၁,၉၇၉ ဦးကို တအာင်းကျန်းမာရေးအဖွဲ့အစည်း- THO က စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေ လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့နယ်ထဲက ကျေးရွာ ၁၂ ရွာ၊ စစ်ရှောင်စခန်း ၁၁ ခု၊ နမ္မတူမြို့နယ်ထဲက ကျေးရွာ ၂၄ ရွာမှာ အသိပညာပေး ၁၃ဝ ကြိမ် ပြုလုပ်ခဲ့ကြောင်း THO ရဲ့ စာရင်းအရ သိရပါတယ်။
ဒီနှစ်ထဲမှာတော့ ကွတ်ခိုင်၊ နမ္မတူအပြင် လားရှိုးမြို့နယ် မိုင်းယော်ဒေဘက် လုပ်ဆောင်သွားမှာဖြစ်ပြီး လာမယ့်နှစ်တွေမှာ တခြားမြို့နယ်တွေဘက် တိုးချဲ့ပြီး ဆက်လက် လုပ်ဆောင်သွားဖို့ ရှိနေကြောင်း THO မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
THO အနေနဲ့ လက်ရှိမှာ အသိပညာပေး (Awareness)အပြင် ဆွေးနွေးတိုင်ပင် (Counselling)တာတွေကိုလည်း လုပ်ဆောင်ပေးတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စစ်ဒဏ်ကြား အသက်လုပြီး ပြေးခဲ့ရတဲ့ မာသိန်းကတော့ “ဘယ်အဖွဲ့မှ လာပြီး နှစ်သိမ့်ပေးတာ မရှိခဲ့ဘူး။ ကိုယ့်ဘာသာကို စိတ်ငြိမ်အောင်ဘဲ ဖြေရှင်းရတယ်” ဆိုပြီးတော့ ပြောပြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။