ယာရူစိင်း၊ ဖေဖော်ဝါရီ ၇ ရက်၊ သီပေါ
တအာင်းတပ် ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ အမျိုးသားတစ်ဉီး ကောက်ယူလာတဲ့ မိုင်းပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးပြီးတော့ အမျိုးသမီးတစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ဟာ အသက် ၂၄ နှစ်အရွယ် ခင်မောင်မြင့်ဆိုသူက မြရွှေဂူ ဘုန်းကြီးကျောင်းဘေးကနေ ကောက်ယူခဲ့တဲ့မိုင်းကို ဆော့ကစားရာကနေ မနေ့ ဖေဖော်ဝါရီ ၆ ရက် ညနေ ၅ နာရီခွဲမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“သူ ကျောင်းဘေးမှာဘဲ ကောက်ရတာပါ။ နင်းမိုင်း ကောက်ရပြီး ဆော့ရင်း ပေါက်ကွဲသွားတယ်။ ကျောင်းဝန်းထဲမှာ ဘုန်းကြီး တစ်ပါးနဲ့ စကားပြောနေတဲ့ အမျိုးသမီး တစ်ဦးပါ ထိမှန်သွားတယ်။ အရင်က စကစမိုင်းတွေပါ အာဏာ မသိမ်းခင်ကတည်းက အဲကျောင်းမှာ စကစတွေ အမြဲနေထိုင်တယ်ေလ”
မိုင်းပေါက်ကွဲမှုကြောင့် မီးရထားရပ်ကွက်မှာ နေထိုင်တဲ့ ခင်မောင်မြင့်ဟာ သေဆုံးပြီး ပုတိမ်တောင်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် တင့်တင့်ထွန်းကတော့ ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်က သီပေါမြို့နယ် မန်ကောင်းရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦး မိုင်း နင်းမိပြီး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၇ ရက်ကလည်း သီပေါမြို့နယ် စံဖိတ်ရွာက ဉီးအိုက်ဆိုင်ဆိုသူဟာ ခြံအတွင်း မြက်ရှင်းရာကနေ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။