ရွှေဖီမြေ၊ စက်တင်ဘာ ၃ ရက်
တအာင်းဒေသအတွင်း အထက်တန်းပညာရေး မပြီးဆုံးတဲ့ လူငယ်တွေအနေနဲ့ အဆင့်မြင့်ပညာရေး ဆက်လက်သင်ယူနိုင်ဖို့အတွက် BEAM Education Foundation နဲ့ တအာင်းပြည်ပညာရေးကောင်စီ TLEC တို့က ပူးပေါင်းပြီး ၁၅ လ ကြာမြင့်မယ် GED သင်တန်းကို ဖွင့်လှစ်သွားမယ်လို့ တအာင်းပြည်ပညာရေးကောင်စီ -TLEC က ထုတ်ပြန်ပါတယ်။
ဒီသင်တန်းဟာ အကြောင်းအမျိုးမျိုးကြောင့် အထက်တန်းပညာရေး ဆက်လက်မသင်ယူနိုင်ခဲ့တဲ့ သူတွေနဲ့ အထက်တန်းပညာရေး မပြီးဆုံးခဲ့သူတွေအတွက် အဆင့်မြင့်ပညာရေး ဆက်လက်တက်ရောက်နိုင်မယ့် အခွင့်အရေးတစ်ခု ဖန်တီးပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် TLEC ရဲ့ Grade-12 သင်တန်း ပြီးမြောက်ထားသူတွေနဲ့ ပြင်ပအခြေခံပညာရေးကနေ အထက်တန်းအဆင့် ပြီးမြောက်ထားသူတွေအနေနဲ့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အဆင့်မြင့်ပညာရေးကို ဆက်လက်သင်ယူနိုင်ဖို့အတွက်လည်း ဒီ GED သင်တန်းကနေ လမ်းဖွင့်ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။
သင်တန်းမှာ အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေးဘာသာရပ်နဲ့ သိပ္ပံဘာသာရပ် စတဲ့ ဘာသာရပ် ၄ ခုကို သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းကာလကတော့ ၁၅ လ ကြာမြင့်မှာဖြစ်ပါတယ်။
သင်တန်းတက်ရောက်သူတွေအနေနဲ့ လစဉ်စားစရိတ်အဖြစ် ကျပ် ၁၅၀,၀၀၀ ကုန်ကျမှာဖြစ်ပေမယ့် ငွေကြေးအခက်အခဲရှိသူတွေအနေနဲ့ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
GED သင်တန်းပြီးမြောက်သူတွေအနေနဲ့ ချင်းမိုင်တက္ကသိုလ် လူမှုသိပ္ပံဌာနက ချီးမြှင့်ပေးမယ့် လက်မှတ်ကို ရရှိမှာဖြစ်သလို၊ မိတ်ဖက်နိုင်ငံခြားတက္ကသိုလ်တွေမှာလည်း ဆက်လက်ပညာသင်ယူနိုင်မယ့် အခွင့်အရေးတွေ ရရှိနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာပြီး Placement Test ကို အောင်မြင်ပါက လိုအပ်တဲ့ GED စာမေးပွဲကြေး ဘတ် ၁,၀၀၀ ကို TLEC က ပညာရေးအထောက်အပံ့အဖြစ် ကူညီပေးသွားမယ်လို့ ဆိုပါတယ်။
ဒီသင်တန်းကို အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိသူတွေ၊ တအာင်းဒေသအတွင်း နေထိုင်သူတွေနဲ့ ပညာရေးကို ဆက်လက်သင်ယူလိုသူတွေ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
အလားတူ ပြင်ပအခြေခံပညာရေးကို ပြီးမြောက်ထားပြီး အဆင့်မြင့်ပညာရေး ဆက်လက်သင်ယူလိုသူတွေလည်း လျှောက်ထားနိုင်ပါတယ်။
GED သင်တန်း ပထမအသုတ်အတွက် အောက်တိုဘာလ ၂ ရက်နေ့အထိ လျှောက်လွှာတွေကို လက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။