မိရိုး၊ စက်တင်ဘာ ၃ ရက်၊ အမ်း
မကွေးတိုင်းဒေသကြီး မင်းတုန်းမြိုအစပ်မှ ရခိုင်ရိုးမ အမ်းမြို့နယ်၊ တလိုင်းတောင်သို့ ဆက်သွယ်ထားတဲ့ လမ်းပိုင်းအတိုင်း စစ်ကြောင်းထိုးဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို အာရက္ခတပ်တော် – AA နှင့် ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့ကစပြီး ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ၂ ရက်ခန့်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ရခိုင်ဒေသသို့ ပြန်လည်ထိုးစစ်ဆင်ဖို့ မင်းတုန်းမြို့၊ သဖန်ရောင်ကျေးရွာမှ ၁၀ မိုင်ကျော်အကွာ ရခိုင်ရိုးမပေါ်သို့ အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
“မကွေးတိုင်းရဲ့ နာမည်ကျော် နတ်ရေကန်စခန်းမှာ တိုက်ခိုက်ရေး တပ်မနှစ်မ တပ်ဖြန့်ထားပေမဲ့ အာရက္ခနဲ့ ပူးပေါင်းတပ်တွေရဲ့ တန်ပြန်တိုက်စစ်ဆင်မှုကြောင့် အကြမ်းဖက်တပ်ဟာ အထိနာနေဆဲ ဖြစ်ပါတယ်။ စစ်လော်ဘီတွေကတော့ ဆင်ခုံတိုင်ကို စစ်ကြောင်းတွေ ရောက်ရှိနေပြီး အမ်းမြို့ကို ပြန်လည်သိမ်းပိုက်တော့မယ်ဆိုပြီး လုပ်ကြံဝါဒဖြန့်နေတာကို တွေ့ရပါတယ်”လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စကခ (၁၀) လက်အောက်ခံတပ်တွေဟာ အမ်း-ပဒါန်း လမ်းသစ်ခြမ်းမှ ဂုတ်စည်းရိုး၊ ကမြင်းကန် စတဲ့နေရာတွေကို တိုက်စစ်ဆင်ဖို့ ဦးတည်ရွေ့လျားခဲ့ပေမယ့် ယာယီခြေကုပ်နေရာငယ်အချို့ကို လက်လွှတ်ခဲ့ရပါတယ်။
တစ်ဖက်မှာလည်း စစ်ရေးတင်းမာနေတဲ့ စစ်တွေမြို့မှာ ရှေ့တန်းပြန် ခမရ (၃၅၄) တပ်ရင်းအတွက် အငယ်ဆုံးစစ်တိုင်းမှူး မူချပ် ကျော်ဇော (စတသ ၄၃) ကိုယ်တိုင် ဒုတိယအကြိမ်မြောက် အခမ်းအနားပြုလုပ်ပေးခဲ့ရပြီး AA ရဲ့ မြို့သိမ်းတိုက်ပွဲကို ခံစစ်ပြင်စောင့်ဆိုင်းနေရတာကြောင့် တပ်တွင်းစိတ်ဓာတ်ကျဆင်းမှုတွေ ရှိနေတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
ဒါအပြင် ကျောက်ဖြူတပ်နယ်ဘက်ကိုလည်း စစ်ရေယာဉ်နှစ်စီး ထပ်မံရောက်ရှိလာပြီး တောင်မော်ဦးရေတပ်စခန်းဘက်ကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။